အဆိုပါ စစ်သည်များ၏ ဦးခေါင်းကို သေနတ်ဖြင့် တေ့ကာ ပစ်မသတ်မီတွင် ဦးလေးကြီးဟု အများက ခေါ်ဝေါ်သည့် သူပုန်အဖွဲ့ခေါင်းဆောင် အက်ဘ်ဒူလ်ဆာမက်ဒ် အစ်ဆာက ရိုးရာ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်ခဲ့သည်။ ထို့နောက် ပထမဆုံး ကျည်ဆန်ကို ၎င်းကိုယ်တိုင် ပစ်ခတ်ခဲ့သည်။ "နှစ်ပေါင်း(၅၀)လောက် ကြာညောင်းအောင် သူတို့တွေဟာ အကျင့်ပျက် ခြစားမှုရဲ့ နောက်လိုက်တွေ ဖြစ်ခဲ့ကြတယ်။ ကျုပ်တို့ဟာ ဘုရားသခင်ကို တိုင်တည်တယ်။ ကျမ်းကျိန်တယ်။ ကျုပ်တို့ လက်စားချေမယ်"ဟုလည်း ၎င်းက ပြောကြားခဲ့သေးသည်။
အဆိုပါ ခြောက်ခြားစရာ ဖြစ်ရပ်သည် (၂၀၁၂)ခုနှစ်၊ ဧပြီလက ရိုက်ကူးထားသည့် မှတ်တမ်း ဗီဒီယိုထဲမှ ပုံရိပ်လည်း ဖြစ်သည်။ ယခုဗီဒီယိုကို သူပုန်တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးကိုယ်တိုင်က မိမိအနေဖြင့် ယင်းရက်စက် ကြမ်းကြုတ်မှုများကို စိတ်ပျက်ကြောင်း ဝန်ခံပြီး New York Timesသို့ လက်လွှဲပေးခဲ့ခြင်း ဖြစ်သည်။ ပစ်သတ်ခံရသော ဆီးရီးယား စစ်သားများ၏ အလောင်းများကိုမူ ရေတွင်းဟောင်း တစ်ခုထဲတွင် စွန့်ပစ်ခဲ့ကြသည်။ အစ်ဆာသည် ယခုသုတ်သင်မှုကို ဗီဒီယို ရိုက်ကူးထားရန် ကိုယ်တိုင် ညွှန်ကြားခဲ့ပြီး ထိုဗီဒီယိုကို ပြသကာ တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။
ဆီးရီးယား အစိုးရသည် မိမိတို့၏ စစ်သားများကို သူပုန်များက ရက်စက်စွာ သတ်ဖြတ်နေခြင်းကို နိုင်ငံတကာက သိရှိနိုင်မည် မဟုတ်ဟု ဝေဖန်ခဲ့ဖူးသလို ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးက မိမိတို့၏ လေတပ်ပိုင်းလော့ တစ်ဦးကို ခေါင်းဖြတ်ကာ ဆီပူအိုးထဲ ထည့်ကြော်သည့် ဗီဒီယိုမျိုးကို ကြည့်ရှုဖူးကြောင်း ပြောကြားခဲ့ဖူးသည်။ ယခင်ကလည်း ဆီးရီးယား သူပုန်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးသည် စစ်သားတစ်ဦး၏ အလောင်းကို ဓားတစ်ချောင်းဖြင့် လှီးဖြတ်ကာ အသည်းနှလုံးထုတ်ပြီး တစ်ဖဲ့ယူစားပြဖူးသည့် စက်ဆုပ်ဖွယ်ရာ ဗီဒီယို မှတ်တမ်းမျိုး ထွက်ပေါ်ခဲ့ဖူးသည်။











0 comments:
Post a Comment