Thursday, November 28, 2013

ရမ်းဗြဲတွင် အစိုးကိုထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်




ကုလသမဂ္ဂ တိုက်တွန်းချက်ကို လက်မခံသည့် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲကို ရခိုင်ပြည်နယ် ရမ်းဗြဲတွင် ယနေ့  နံနက် ၉နာရီက လူအင်အား၉၀၀ ရာကျော်ဖြင့် ဆန္ဒ ဖော်ထုတ်ခဲ့ကြောင်းဦးဆောင်သူ ဦးထွန်းကြည်က  People Power သတင်းစာသို့ ပြောကြားသည်။

ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားရန်လိုအပ်ကြောင်း၊ရိုဟင်ဂျာကို အသိမှတ်မပြုကြောင်း ၁၉၈၂ မြန်မာ နိုင်ငံသား ဥပဒေ အတိုင်းဆောင်ရွက်ရေး စသည့်ကြွေးကျော်သံများ အော်ဟစ်ကာ ဆန္ဒပြခဲ့ကြောင်း ရမ်းဗြဲဒေသခံ ဦးဖြိုးမင်းလတ်က ပြောကြားသည်။

ရိုဟင်ဂျာများကို နိုင်ငံသားပြုခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက မြန်မာအစိုးရအား နိုဝင်ဘာ  ၁၉ တွင်ထုတ်ပြန်ထားသော ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

“ကုလကဖြေရှင်းရာ မရောက်ဘဲ ပြသနာပိုကြီးအောင် လုပ်တဲ့ပုံစံမျိုးဖြစ်နေတယ်”ဟု ဗိုလ်ကြီးဟောင်း  ဦးထွန်းကြည်က ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက မြန်မာ အစိုးရအား ရိုဟင်ဂျာများကို နိုင်ငသားဖြစ်ခွင့်ပေးရန်  တိုက်တွန်းချက်အပေါ် ဥပဒေနှင့် မကိုက်ညီသော  လူမျိုးများအား မည်သည့်နိုင်ငံ တကာအဖွဲ့အစည်းများ အနေ ဖြင့် တိုက်တွန်းရင်တောင် လက်ခံမည်မဟုတ် ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရ ရှိသူဦးရဲထွဋ်က ပြောကြားသည်။

“အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရိုဟင်ဂျာဆိုတဲ့  စကားလုံးကို လုံးဝလက်မခံဘူး။ ရခိုင်ပြည်နယ်အတွင်း မှာရှိနေတဲ့ ဘင်္ဂလီလူမျိုးများအနက် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ ကိုက်ညီတဲ့သူတိုင်း နိုင်ငံသားပြုခွင့် ရမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့ မကိုက်ညီတဲ့သူကိုတော့  ဘယ်နိုင်ငံတကာ အဖွဲ့အစည်းက ပြောပြော နိုင်ငံသား ပြုခွင့် မပေးနိုင်ဘူး” ဟု သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကဖြေကြားထားသည်။

ရိုဟင်ဂျာများအား နိုင်ငံသားဖြစ်ခွင့်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက အစိုးရအား တိုက်တွန်းချက် အပေါ် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို သမ္မတ ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က နိုဝင်ဘာ ၂၁ ရက်တွင် ၎င်းဖေ့ဘွတ်စ်ပေါ်တွင် တရားဝင်ဖြေကြားထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၏ လူမျိုးရေးစာရင်းကောက်ယူရာတွင် ဘင်္ဂလီလူမျိုးများ အနေဖြင့် ပူးပေါင်းဆောင်ရွက် ရန် ငြင်းဆန်နေမှုအပေါ် ကုလသမဂ္ဂလူ့အခွင့်ရေးအနေနှင့် တိုက်တွန်းပြောဆိုရန် လိုအပ်ကြောင်း ဒီမိုကရေစီနိုင်ငံများ ဖြစ်သော အမေရိ  ကန်၊ ဗြိတိန်အပါအ၀င် နိုင်ငံများတွင် နိုင်ငံသားပြုခွင့်နှင့်  ပတ်သတ်ပြီး သီးခြားပြဠာန်းထားသော ဥပဒေစည်းကမ်း ချက်များရှိကြောင်း သမ္မတရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး  ဦးဇော်ဌေးက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ပြောကြားသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေတွင် (က) နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူ များ၊ (ဂ) နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊ (ဃ) ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့်- (၁) နိုင်ငံသား  (သို့မဟုတ်) (၂) ဧည့်နိုင်ငံသား၊(သို့မဟုတ်)၊ (၃) နိုင်ငံသား ပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ (င) နိုင်ငံသား ပြုခွင့် ရသူ မိဘနှစ် ပါးမှ မွေးဖွားသော သားသမီးနှင့် - (၁) နိုင်ငံသား  (သို့မဟုတ်) (၂) ဧည့်နိုင်ငံသား (သို့မဟုတ်) (၃) နိုင်ငံသားပြု ခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွား သူများ (စ) ဧည့်နိုင်ငံသားနှင့်  နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့် - (၁) နိုင်ငံသား (သို့မဟုတ်) (၂) ဧည့်နိုင်ငံသား (သို့မဟုတ်) (၃) နိုင်ငံသားပြုခွင့်ရ သူ မိဘနှစ်ပါးမှမွေးဖွားသူများ ဟူ၍ သတ်မှတ်ပြဠာန်းထားသည်။

၁၉၈၂ ခုနှစ် ဥပဒေတွင် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့် ဥပဒေကတိုင်းရင်းသားလူမျိုးကြီး ရှစ်မျိုးအပါအ၀င်  မျိုးစု ၁၃၅မျိုးကိုသာ နိုင်ငံသား အဖြစ် အသိအမှတ်ပြုထားကြောင်း ဖော်ပြထားသည်။

0 comments:

Post a Comment

 
Twitter Bird Gadget