Tuesday, November 26, 2013

ယနေ့ မြန်မာစစ်တပ်အတွက် ရင်နင့်စရာ ဖြစ်ရပ်တစ်ခု




လက်ရှိမြန်မာ့တပ်မတော်မှာ တစိမ့်စိမ့်တွေးလေ၊ ရင်နင့်စရာကောင်းလေဖြစ်နေတဲ့ ဖြစ်ရပ်တစ်ခု ရှိပါတယ်။ ဗြိတိန်ဘုရင်မကြီးရဲ့မြေး ဝီလီယံဟာ ဗြိတိန်တပ်မတော်မှာ စစ်မှုထမ်းပြီးဖြစ်ပါတယ်။ ထိုင်း ဘုရင့်သားဟာလည်း ထိုင်းတပ်မတော်မှာ တာဝန်ထမ်းဆောင်ပြီးဖြစ်ပါတယ်။ KNLA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် တာမလာဘောရဲ့ သမီးဖြစ်သူ နော်စီဖိုးရာစိန် ဟာလည်း KNU မှာ ဒုဥက္ကဌအဖြစ် တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေပါတယ်။ ဒေသတွင်းနိုင်ငံများဖြစ်တဲ့ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ တရုတ် သာမက အနောက်နိုင်ငံများမှ အမျိုးသားခေါင်းဆောင်များရဲ့မျိုးဆက်များဟာ ၎င်းတို့နိုင်ငံရဲ့ တပ်မတော် အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ မြန်မာ့အမျိုးသားခေါင်းဆောင် လည်းဖြစ်၊ တပ်မတော်ကို တည်ထောင်ခဲ့သူလည်းဖြစ်၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာလည်းဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့မျိုးဆက်တွေ မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ခြင်း လုံးဝမရှိခြင်းဟာ ဝမ်းနည်းစရာ ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။

မေမြို့ စစ်တက္ကသိုလ်မှာ အောင်ဆန်းခန်းမ၊ အောင်ဆန်းကြေးရုပ်တွေရှိပေမယ့် အောင်ဆန်းရဲ့ မျိုးဆက်တွေကတော့ အဲဒီခန်းမထဲကို ဝင်ခွင့်မရှိကြပါဘူး။ ကာချုပ်ကစပြီး ဗိုလ်ချုပ်အားလုံးက ရုံးခန်း တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေကို တပ်မတော်ရဲ့ ဖခင်တစ်ဦးအဖြစ် အခန်းထဲဝင်တိုင်း လက်တင်အလေးပြုနေပေမယ့် ဗိုလ်ချုပ် မျိုးဆက်တွေက မလုပ်နိုင်ကြပါဘူး။


နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှမှာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်အင်အားတောင့်တင်းစေရန် တိုင်းပြည်က အင်အားတောင့် တင်းဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ပြည်ထောင်စုတပ်မတော် ထူထောင်ရေးကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင် ခဲ့တဲ့ တပ်မတော်ကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ထိန်းချုပ်ချင်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေးတွေကတော့ တပ်မတော်အင်အားတောင့်တင်းရေးမှာလည်း အကျိုးမပြုနိုင်၊ ပြည်ထောင်စုတပ်မတော် တည်ထောင်ရေးမှာလည်းမပါဝင်နိုင် ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့တပ်မတော်ကို ၎င်းရဲ့ မြေးအရင်း ၂ ဦး ဝင်ရောက်ခွင့်မရခြင်းမှာ နှမြောစရာဖြစ်ပါတယ်။  


ဗိုလ်ချုပ်အောင်ဆန်း၏ အဘိုးဖြစ်သူ ဗိုလ်မင်းရောင်မှာ မျိုးချစ်စိတ်အလွန်ပြင်းထန်သူဖြစ်ပြီး အင်္ဂလိပ်နယ်ချဲ့တို့ကို ရရာ လက်နက်ဖြင့် တော်လှန်တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ အဖမ်းခံခဲ့ရချိန်မှာ ဗိုလ်မင်းရောင်ကို အင်္ဂလိပ်တို့ကျွန်အဖြစ် သစ္စာခံရန် ကမ်းလှမ်းခဲ့ပေမယ့် ဗိုလ်မင်းရောင်က “ငါဟာ တိုင်းပြည်နဲ့လူမျိုးအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူး၊ မင်းတို့ပေးတဲ့ရာထူးကို ငါ မလိုချင်ဘူး၊ မင်းတို့ ငါ့ကိုသတ်လိုက် ခုချက်ချင်းပင် သတ်ပါ” လို့ ပြောဆိုခဲ့တာကြောင့် အင်္ဂလိပ်များက ဗိုလ်မင်းရောင်ကို  ၁၈၈၇ ခု၊ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၄ နာရီမှာ ခေါင်းဖြတ် သတ်ပစ်လိုက်တာပါ။ ဒါ့အပြင် ဦးမင်းရောင်ရဲ့ ဦးခေါင်းပြတ်ကို နတ်မောက်မြို့ သိမ်တော် ကျောင်းတိုက်၏ တောင်ဘက် ကန်ဘောင်ရိုးရှိ ထနောင်းပင်တွင် ဆွဲထားပြီး လူအများကို ပြသခဲ့ပါသေးတယ်။ 


အဘိုးဗိုလ်မင်းရောင်ရဲ့ သွေးပါတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အင်္ဂလိပ်နယ်ချဲ့တို့ကို တိုက်ထုတ်ရန် မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့ပါတယ်။ မြေးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက အဘိုး ဗိုလ်မင်းရောင်ရဲ့ အမွေကို ဆက်ခံနိုင်ခဲ့ပေမယ့်  မြေးဖြစ်သူ အလက်စန္ဒားအဲရစ်နဲ့ ကင်မ်အဲရစ်တို့ကတော့ အဘိုး ဗိုလ်အောင်ဆန်း ရဲ့ အမွေကို မဆက်ခံနိုင်ကြပါဘူး။ အဘိုးအရင်းဖြစ်သူက တပ်မတော်ရဲ့ ဖခင်ဖြစ်ခဲ့သော်လည်း မြေးအရင်းများမှာ တပ်မတော်နားသို့ မကပ်သည့်အပြင် မြန်မာစကားလည်း မပြောတတ်၊ မြန်မာစာလည်းမဖတ်တတ်ဖြစ်တာကြောင့် နိုင်ငံ တည်ထောင်ရေးလုပ်ငန်းများတွင်လည်း မပါဝင်နိုင်ကြပါ။ 


နိုင်ငံခြားသားများက လက်ရှိတပ်မတော် တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်တွေ တပ်ထဲမှာဘယ်အဆင့်ထိ ဘယ်နှယောက်ဝင်ခဲ့ကြသလဲလို့မေးရင် ဖြေစရာမေးခွန်းမရှိပါ။ အခြားနိုင်ငံ တပ်မတော်များမှာ ၎င်းတို့နိုင်ငံရဲ့ တပ်မတော်ကို တည်ထောင်ခဲ့သည့် တပ်မတော်ဖခင်ကြီးများ၏ မျိုးဆက် များတာဝန် ထမ်းဆောင်လျက်ရှိသော်လည်း မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ် အောင်ဆန်းမရှိတော့တဲ့နောက် တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်လည်း တစ်ယောက်မှမရှိ သည်မှာ မြန်မာစစ်တပ်အတွက် ဂုဏ်ငယ်စရာဖြစ်ပါတယ်။ 


မောင်မျိုးချစ်

0 comments:

Post a Comment

 
Twitter Bird Gadget