အာဖဂန် နစ္စတန်တွင် လူမှုရေး ဖောက်ပြန်သူများကို ကျောက်တုံးဖြင့် ပစ်ပေါက်
သေဒဏ်ပေးသော အလေ့အထကို ပြန်လည် ကျင့်သုံးရန် စဉ်းစားနေကြောင်း သတင်းများ
ထွက်ပေါ်လာခဲ့သည်။ လွန်ခဲ့သော (၁၂)နှစ်က အာဖဂန်ကို တာလီဘန်တို့ ကြီးစိုးစဉ်က
ကျင့်သုံးခဲ့သော ဘာသာရေးနှင့် ဆက်နွယ်သည့် ပြစ်ဒဏ်ကို လူ့အခွင့်အရေး
အဖွဲ့များက ပြင်းထန်စွာ ရှုတ်ချထားသည်။ ယခုအခါ နိုင်ငံ၏ ပြစ်မှုဆိုင်ရာ
ဥပဒေတွင် ယင်းနည်းလမ်းဟောင်းကို တစ်ကျော့ပြန် အသုံးပြုရန် ဆွေးနွေးမှုများ
ရှိနေပြီး ဥပဒေ မူကြမ်းကိုပင် ရေးဆွဲနေပြီဟု ဆိုသည်။ အကယ်၍ ယင်းမူကြမ်းကို
အတည်ပြုချက် ပေးနိုင်ခဲ့ပါက အပြစ်ရှိသူများကို လူအများရှေ့တွင်
ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ် သေဒဏ်ပေးမှုမျိုး ပြန်လည် ကျင့်သုံးလာမည်
ဖြစ်သည်။ယင်းစည်းမျဉ်းတွင် လူတစ်ဦး အပြစ်ရှိကြောင်း မျက်မြင်သက်သေ (၄)ဦးက ထွက်ဆိုလျှင် ပြစ်ဒဏ်ချမှတ်ရန် လုံလောက်သွားပြီဟု ဆိုသည်။ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က အသစ်ပြန်လည် ရေးသားနေသည့် အာဖဂန် ပြစ်မှုဆိုင်ရာ ဥပဒေများတွင် ယင်းစနစ် ပြန်လည် သက်ဝင်လာမည့် အရိပ်လက္ခဏာမျိုး မြင်နေရခြင်းအတွက် အလွန်တုန်လှုပ်မိကြောင်း ပြောကြားထားသည်။ အစ္စလာမ်မစ် ရှယ်ရီယာဥပဒေ ကော်မတီတွင် အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်နေသည့် ဥပဒေပညာရှင် ရိုဟူလာ ကွာရီဇာဒါကလည်း အကယ်၍ ဥပဒေ အတည်ဖြစ်လာပါက စွဲချက်တင်ခံရသူကို မျက်မြင်သက်သေ (၄)ဦး၏ ထွက်ဆိုချက် ခိုင်မာမှုဖြင့် ပြစ်ဒဏ်ချမှတ်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ "လူမှုရေး ဖောက်ပြန်မှုနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ဆိုင်ရာ ရေးဆွဲမှုတွေက မူကြမ်းအဆင့်မှာပဲ ရှိပါသေးတယ်။ ဒီဥပဒေအရ မျက်မြင်(၄)ယောက်ဆီက ထွက်ဆိုချက်ရရင် ကျောက်တုံးနဲ့ ပေါက်သတ်ပြီး ပြစ်ဒဏ်ပေးနိုင်ပါလိမ့်မယ်"ဟု ကွာရီဇာဒါက ဆိုသည်။
ဥပဒေအရ လူမှုရေး ဖောက်ပြန်မှု စွဲချက်တွင် အပြစ်ရှိကြောင်း ထင်ရှားပါက ပါဝင်ပတ်သက်သူ အမျိုးသား၊ အမျိုးသမီးများကို ကြိမ်ဒဏ်နှင့် ကျောက်တုံးနှင့် ပေါက်သတ်သည့် သေဒဏ်တို့အနက် တစ်ခုခုကို ပေးအပ်နိုင်ကြောင်း ဥပဒေမူကြမ်း အပိုဒ်(၂၁)တွင် ဖော်ပြထားသည်။ အပိုဒ်(၂၃)တွင်မူ ယင်းပြစ်ဒဏ် ချမှတ်မှုကို လူမြင်ကွင်းတွင် ပြုလုပ်ရမည်ဟု ရေးသားထားကြောင်းလည်း ဆိုသည်။ တာလီဘန်တို့သည် အာဖဂန်ကို အုပ်စိုးခဲ့သည့် (၁၉၉၆)မှ (၂၀၀၁)ခုနှစ်အတွင်း ယင်းဥပဒေကို ကျင့်သုံးခဲ့သည်။ ထိုစဉ်က အမျိုးသမီးများသည် မိမိတို့စိတ်သဘောအတိုင်း အပြင်ထွက် သွားလာခွင့် မရှိသလို ကျောင်းတက်ခွင့်လည်း မရခဲ့ဟု သိရှိရသည်။











0 comments:
Post a Comment