
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေသည့် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC)၏ ကိုယ်စားလှယ် အဖွဲ့သည် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့နယ် တို့တွင် အကူအညီများ ပေးအပ်ရန် ကမ်းလှမ်း ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။
OIC အထွေထွေ အတွင်းရေးမှူးချုပ် ဦးဆောင်လာသည့် အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးတို့နှင့် လာရောက် တွေ့ဆုံစဉ် ထိုသို့ ကမ်းလှမ်းခြင်း ဖြစ်ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။
ရခိုင်ပြည်နယ်နှင့် မိတ္ထီလာတို့တွင် ပဋိပက္ခ များကြောင့် ပျက်စီး ဆုံးရှုံးမှုများကို အကူအညီပေးရန် ကမ်းလှမ်းသည့်အတွက် ဝမ်းမြောက်သော်လည်း ယင်းအကူအညီ များကို လက်ခံရန် ပြည်သူလူထု၏ သဘောဆန္ဒ ရယူရန် လိုအပ်မည် ဖြစ်ဟု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောကြားခဲ့ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။
“အစိုးရက ပြည်သူ တင်မြှောက်တဲ့ အစိုးရ၊ ပြည်သူလက်ခံမှ ရမှာပါလို့ ပြောခဲ့ပါတယ်” ဟု အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်သူလည်း ဖြစ်သူ ၎င်းကပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် အစိုးရအနေနှင့် လူ့အဖွဲ့အစည်း နှစ်ခုကို မျှမျှတတ ဆောင်ရွက်ခဲ့သည်ဟု ဦးနန္ဒကျော်စွာက OIC အဖွဲ့ကို ရှင်းပြခဲ့ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ဘင်္ဂါလီ အလောင်းများ ပုံနေသည် ဆိုသည့်ကိစ္စမှာ တရုတ်နိုင်ငံမှ သင်္ဘောနစ်သော လူသေအလောင်းများကို အင်တာနက် စာမျက်နှာများတွင် ဖော်ပြခဲ့ သဖြင့် နိုင်ငံတကာမှ မြန်မာအပေါ် အထင်အမြင် လွဲမှားမှုများ ရှိနေသည်ကို ရှင်းပြခဲ့ရကြောင်း ၎င်းကပြောဆိုသည်။
OIC ၏ အထွေထွေ အတွင်းရေးမှူးချုပ် Professor Ekmeleddin Ihsanoglu ဦးဆောင်သည့် ယင်းအဖွဲ့တွင် OIC အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် တူရကီ၊ အင်ဒိုနီးရှား အပါအဝင် နိုင်ငံ ခုနစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ တွင် ရန်ကုန်မြို့သို့ ရောက်ရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
OIC အဖွဲ့အစည်းသည် အထက်ပါ ပုဂ္ဂိုလ်များ အပါအဝင် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးရွှေမောင်၊ မောင်တော မဲဆန္ဒနယ်မှ ဦးအောင်ဇော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ဦးဌေးဝင်းတို့နှင့် နိုဝင်ဘာ ၁၄ ရက် မွန်းလွှဲ ၂ နာရီက နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ လွှတ်တော် ဧည့်ခန်းမဆောင် I (1) တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။











0 comments:
Post a Comment