အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OICသည် ရခိုင်ပြည်နယ်သို့ နိုဝင်ဘာလ ၁၅ရက်က သွားရောက်ချိန်တွင် ရခိုင်ဒေသခံ သံဃာနှင့် လူဦးရေ ၈၀,၀၀၀ခန့်က စစ်တွေလေဆိပ်တွင် စောင့်ဆိုင်းကာ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒပြခေါင်းဆောင် ဦးမောင်နုက မဇ္ဈိမကိုပြောသည်။
OICအဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေသို့ နိုဝင်ဘာလ ၁၅ရက် နံနက် ၁၀နာရီ ၄၅မိန်စ်ခန့်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး စစ်တွေတွင် တစ်နာရီခန့်အကြာ လေ့လာခဲ့ကာ မောင်တောသို့ဆက်လက် ထွက်ခွာသွားပြီဖြစ်သည်။
ယင်းသို့ OIC လာရောက်မည်ဆိုသောကြောင့် ရခိုင်ဒေသခံများသည် နံနက် ၇နာရီခန့်မှ စတင်စောင့်ဆိုင်းကာ စစ်တွေလေဆိပ်တွင် OIC အလိုမရှိဟူသော ဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ၁၁နာရီတွင် လူစုခွဲခဲ့ကြသည်။
“ဘယ်ချိန်ရောက်မှာ မသိတဲ့အတွက် မနက်အစောကြီးကပဲစောင့်နေတာပါ။ အခု OICအဖွဲ့ မောင်တောကိုဆက်သွားနေပါတယ်”ဟု ခေါင်းဆောင်ဦးမောင်နုက မဇ္ဈိမကို ပြောသည်။
OIC အဖွဲ့သည် ရခိုင်ပြည်နယ်သို့လာရောက်ပြီး ဒေသခံများကန့်ကွက်ခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က "သူလည်း လာလေ့လာတာ ဒေသခံတွေလည်း သူ့တို့ဆန္ဒကို လွှတ်လပ်စွာထုတ်ဖော်တာ အဓိက,က ဆူဆူပူပူမလုပ်ဖို့လိုတယ်”ဟု မဇ္ဈိမကို ပြောသည်။
ယင်းသို့ဆန္ဒထုတ်ဖော်ရေးအတွက် စစ်တွေမြို့နယ်မှူးထံတွင် ခွင့်ပြုမိန့်ရရှိပြီးဖြစ်သည် ဟု ဦးမောင်နုကဆိုသည်။ အလားတူပင် တောင်ဂုတ်မြို့တွင်လည်း ခွင့်ပြုမိန့်မရရှိဘဲ ဆန္ဒထုတ်ဖော်လျှက်ရှိသည်ဟု တောင်ဂုတ် လူမှုကွန်ရက်မှ ဦးမြင့်စိုးက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ဦး၊မြင်းပြားနှင့်မြေပုံမြို့နယ်များတွင် လည်း နိုဝင်ဘာ ၁၆ ရက်တွင် ဆန္ဒထုတ်ဖော်ကြမည်ဟု မြောက်ဦးဒေသခံဦးထွန်းမြင့်ကပြောသည်။
OIC အဖွဲ့သည် ရန်ကုန်သို့ နိုဝင်ဘာ ၁၃ ရက်ကရောက်ရှိခဲ့ပြီး ယင်းနေ့တွင်ပင်နေပြည်သို့ သွားရောက်ကာ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့နှင့် သီးခြားတွေ့ဆုံခဲ့သည်။ OIC အဖွဲ့အစည်းမြန်မာနိုင်ငံသို့ ရောက်ရှိသည့် နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့၌ သံဃာနှင့်လူဦးရေး ၈၀၀ ခန့်က ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သေးသည်။











0 comments:
Post a Comment