Tuesday, December 31, 2013

ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုအပေါ် ကယ်လီဘရွတ်ခ် ဝေဖန်





ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုဖြင့် အလှအပ ပြုပြင်ခြင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးခြင်း၏ ဝိသေသ လက္ခဏာ တစ်ရပ်ဟုလည်း ကယ်လီက ဝေဖန်ခဲ့သည်
သူမအနေဖြင့် ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုမျိုး လုံးဝခံယူသွားမည် မဟုတ်ဟု စိတ်ပိုင်းဖြတ်ထားကြောင်း ကယ်လီဘရွတ်ခ်က ထုတ်ဖော် ပြောကြားလိုက်သည်။ ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုဖြင့် အလှအပ ပြုပြင်ခြင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးခြင်း၏ ဝိသေသ လက္ခဏာ တစ်ရပ်ဟုလည်း ကယ်လီက ဝေဖန်ခဲ့သည်။ ဟောလီးဝုဒ်တွင် မျက်နှာနှင့် ခန္ဓာကိုယ် အလှအပအတွက် ခွဲစိတ်မှုများ တဖြည်းဖြည်း ခေတ်စားကျယ်ပြန့်လာသော်လည်း Piranha 3Dစတား မော်ဒယ်လ် မင်းသမီးက သူမသည် ပလစ်စတစ် ဆာဂျရီ ခွဲစိတ်ပြုပြင်မှုများကို ဆန့်ကျင်သည့် အမာခံတစ်ဦးဟု ပြောဆိုခဲ့သည်။ ထို့အပြင် သူမကိုယ်တိုင် အတွက်လည်း ယင်းကဲ့သို့ ခွဲစိတ်မှုမျိုးဖြင့် မိမိကိုယ်ကိုယ် ပိုမိုကျေနပ်မိမည် မထင်ကြောင်း ကယ်လီက သုံးသပ်သွားသည်။

 "ကျွန်မက ကျွန်မကိုယ်ကျွန်မပဲ ဆင်တူချင်တယ်။ ဘယ်သူနဲ့မှ မတူချင်ဘူး။ ပြီးတော့ ကျွန်မရဲ့ မျက်နှာဟာ ပလပ်စတစ် Versionတစ်ခု ပြောင်းနေတာမျိုးလည်း မလိုလားဘူး။ တကယ်တမ်းကျတော့ နှာခေါင်းအသစ် ပုံစံပြောင်းသွားလို့ လူတွေက ဟယ်၊ ဒီနှာခေါင်းလေးနဲ့ သိပ်ကြည့်ကောင်းတာပဲလို့ ပြောကြမှာ မဟုတ်ပါဘူး။ ခွဲစိတ်မှု ခံယူပြီး ပုံပြောင်းလိုက်ပြီ ဆိုတာကိုပဲ ထောက်ပြကြလိမ့်မယ်"ဟု ကယ်လီက ဆိုသည်။ သူမက "ရှင့်အနေနဲ့ နှုတ်ခမ်းကို ခွဲစိတ်တာဖြစ်ဖြစ်၊ ရင်သားကို ခွဲစိတ်တာပဲဖြစ်ဖြစ် အဲဒီအရာ အားလုံးဟာ ကိုယ့်တန်ဖိုးကိုယ် ယုံကြည်မှု မရှိတဲ့ လက္ခဏာရပ်တွေပါပဲ"ဟုလည်း ထောက်ပြခဲ့သည်။

အသက်(၃၃)နှစ်ရှိ ကယ်လီက သူမအနေဖြင့် ယခုခန္ဓာကိုယ် အချိုးအဆက်ထက် ပိန်သွယ်သင့်ကြောင်း ဝေဖန်မှုများကိုလည်း အရေးမထားကြောင်း ဆိုသည်။ "ကိုယ်ပိုင် အရေပြားထဲမှာ ကျွန်မရဲ့ ကိုယ်ပိုင်ဘဝ ရှိနေတယ်။ ဒါကို ယုံကြည်မှု အပြည့်ရှိတယ်။ ကျွန်မဟာ တကယ့် ပါးပါးလှပ်လှပ် ကောင်မလေး မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မမှာ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်။ ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက်၊ ကျွန်မရဲ့ အသွင်အပြင်ကို ကျွန်မ ကျေနပ်တယ်။ လူတိုင်းဟာ ကိုယ့်ဘဝပေး ကုသိုလ်အတိုင်း ရထားတဲ့ ခန္ဓာကိုယ်အပေါ် ကျေနပ်ရမှာပါပဲ"ဟုလည်း ကယ်လီက ပြောကြားသွားသည်။

0 comments:

Post a Comment

 
Twitter Bird Gadget