
မလေးရှားနိုင်ငံ
ဆာရာဝပ်ပြည်နယ်ရှိ ဂိုဒေါင်တစ်ခုတွင် ပိတ်မိနေသည့် မြန်မာအလုပ်သမား ၉၇
ဦးမှာ မလေးရှားနိုင်ငံတွင် ဆက်လက်မလုပ်ကိုင်ရဲတော့ဘဲ မြန်မာနိုင်ငံသို့
အမြန်ဆုံးပြန်ရောက်ရန် ဆန္ဒရှိနေကြောင်း ပိတ်မိနေသည့် အလုပ်သမားတစ်ဦးဖြစ်သူ
ကိုတင်အေးလွင်က ဒီဇင်ဘာ ၂၆ ရက်တွင် The Daily Eleven သတင်းစာသို့
ပြောကြားခဲ့သည်။
“ ကျွန်တော်တို့နဲ့ ပတ်သက်လို့ ဒီဘက်က
အာဘာဖီးကုမ္ပဏီနဲ့ မလေးရှားဘက်က တရုတ်အေးဂျင့်ရယ်၊
သင်္ဘောကျင်းပိုင်ရှင်တို့နဲ့ ညှိနှိုင်းနေတယ်လို့ သိရတယ်။ သူတို့က
ကျွန်တော်တို့ကို တစ်ယောက်ချင်းဆီခေါ် ထုတ်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့
ကျွန် တော်တို့မလိုက်ရဲဘူး။ တစ်ယောက်ချင်းခေါ်ထုတ်ပြီး
တစ်ခုခုလုပ်မှာစိုးရိမ်တယ်။ ဒီဘက်က တရုတ်အေးဂျင့်တွေက ဘာမှမဖြစ်ရင်
အလုပ်ဆက်လုပ်ဖို့ တိုက်တွန်းတယ်။ ကျွန်တ်ာတို့အားလုံးက အိမ်ကိုပဲ
အမြန်ဆုံးပြန်ချင်တယ်။ ဆက်လည်းမလုပ်ရဲတော့ဘူး။ ကျွန်တော်တို့ကိုပြန်ဖို့
စီစဉ်ပေးပါ။ တကယ်လို့ ငွေကြေးအကူအညီမပေးနိုင်ဘူးဆိုလည်း
ကျွန်တော်တို့မှာလမ်းစရိတ်ရှိပါတယ်။ ကျွန်တော်တို့ လမ်းစရိတ်နဲ့ပဲပြန်ပါရစေ
”ဟု ကိုတင်အေးလွင်က ဆိုသည်။
“ ကျွန်တော်တို့မှာ စားစရာတွေလည်း
မရှိတော့ဘူး။ အပြင်ကိုထွက်ပြီး စားစရာထွက်ဝယ်တာ အင်ဒိုနီးရှားတွေက
ဈေးအ၀င်လမ်းမှာ လက်နက်တွေနဲ့ စောင့်နေတယ်။ ကျွန်တော်တို့ထဲက
ခေါင်းဆောင်လေးဦးက အလုပ်ရှင်ကို သွားတွေ့တော့ လုံခြုံရေးတွေက
ကွန်တိန်နာထဲကိုခေါ်ပြီး ထိုးကြိတ်လိုက်တယ်။ ကျွန်တော်တို့အဖြစ်က
ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်ပါပဲ။ သံရုံးကိုဆက်သွယ်တော့လည်း အာဘာဖီးကုမ္ပဏီ
လာလိမ့်မယ်လို့ပြောတယ်။ ကျွန်တော်တို့ကို အေးဂျင့်တွေကရာ အလုပ်ရှင်ဘက်ကရော
ဘာအာမခံချက်မှ မပေးဘူး ” ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။
လက်ရှိတွင် ပိတ်မိနေသည့် အလုပ်သမားများ အဆက်အသွယ်ရရှိရေးအတွက်
ယင်းအလုပ်သမားများအား မလေးရှားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်
ပို့ဆောင်ပေးခဲ့သည့် အာဘာဖီးပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု ကုမ္ပဏီနှင့်
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံအလုပ်သမား
သံအရာရှိဦးစိုးဝင်းက ပြောကြားသည်။
မလေးရှားသံအရာရှိဦးစိုးဝင်းက “
ပိတ်မိနေတဲ့အလုပ်သမားတွေနဲ့ အမြန်ဆုံးအဆက်အသွယ်ရဖို့ အာဘာဖီးအေဂျင်စီနဲ့
ပူးပေါင်းဆောင်ရွက်သွားမယ်။ အာဘာဖီးကုမ္ပဏီအနေနဲ့ မနက်ဖြန်မှာမလေးရှားကို
လာရောက်မှာ ဖြစ်ပါတယ် ” ဟု ဆိုသည်။
“ ပုန်းအောင်းနေရပြီး
ဒုက္ခဖြစ်နေတဲ့ အလုပ်သမားတွေကို အကူအညီပေးဖို့နဲ့
ဖြေရှင်းဆောင်ရွက်ပေးဖို့အတွက် သွားရောက်မှာပါ။ အခုလက်ရှိ ဗီဇာရဖို့
ကြိုးစားနေပါတယ်။ သူတို့ရဲ့မိသားစုတွေကို စိတ်မပူဖို့ ပြောချင်ပါတယ်။
ဗီဇာယူပြီးသွားရင် မနက်ဖြန်ရှိတဲ့ လေယာဉ်နဲ့ အလုပ်သမားတွေရှိရာ
မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်ကိုသွားမယ်။ မြန်မာအလုပ်သမားတွေ
ထိခိုက်နစ်နာမှုမရှိအောင် အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမယ် ” ဟု
ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမင်းလှိုင်က
ဆိုသည်။
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ် က “ ၂၃ ရက်မှာ
ပဋိပက္ခဖြစ်တယ်လို့ ပြောတယ်။ လက်ရှိသိရသလောက်ကတော့
အင်ဒိုနီးရှားအလုပ်သမားတွေနဲ့ဖြစ်တယ်လို့ အကြမ်းဖျင်းသိတယ်။ အဲဒီလို
ပဋိပက္ခတွေဖြစ်နေတော့ မြန်မာအလုပ်သမားတွေက ထိတ်လန့်မှုဖြစ်နေတယ်လို
့ကျွန်တော်တို့က ၂၅ ရက်မှာရပါတယ်။ ဆာရာဝပ်ပြည်နယ်က
မလေးရှားကျွန်းမကြီးမှာမဟုတ်ဘူး။ ဘရူနိုင်းနိုင်ငံနဲ့ ဆက်နေတဲ့
နယ်စပ်မှာဖြစ်နေတယ်။ ဒီကနေ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပထမ မလေးရှား
ကွာလာလမ်ပူမှာ အလုပ်သမားကောင်စစ်ဝန်ထမ်းတစ်ယောက်ရှိတယ်။ ပြီးလို့ချင်ရင်
အလုပ်သမားတွေအတွက် ဒီပတ်စ်ပို့ကိစ္စတွေ လုပ်ဖို့အတွက် နိုင်ငံခြားရေးရုံးက
ထုတ်ထားတဲ့လူ ၁၀ ယောက်ကျော်လောက် ရောက်နေတာရှိတယ်။ အဲဒီအဖွဲ့တွေကလည်း
မလေးရှားအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်။ အနီးဆုံးမှာရှိနေတဲ့
ဘရူနိုင်းနိုင်ငံသံအမတ်ကြီးက အဲဒီဒေသကိုသွားဖို့ မနေ့ကစတင်ဆောင်ရွက်နေတယ်
”ဟု ဒီဇင် ဘာ ၂၆ရက်တွင် ပြုလုပ်ကျင်းပသည့် တောင်သူလယ်သမားအခွင့်အရေးနှင့်
အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ၊ နည်းဥပဒေရေးဆွဲနိုင်ရေး
လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲအပြီးတွင် သတင်းထောက်များ၏မေးမြန်းချက်ကို
ဖြေကြားခဲ့သည်။
ကျွန်တော်တို့မှာ စားစရာတွေလည်းမရှိတော့ဘူး။
အပြင်ကိုထွက်ပြီး စားစရာထွက်ဝယ်တာ အင်ဒိုနီးရှားတွေက ဈေးအ၀င်လမ်းမှာ
လက်နက်တွေနဲ့ စောင့်နေတယ်။ ကျွန်တော်တို့ထဲက ခေါင်းဆောင်းလေးဦးက
အလုပ်ရှင်ကို သွားတွေ့တော့ လုံခြုံရေးတွေက ကွန်တိန်နာထဲကိုခေါ်ပြီး
ထိုးကြိတ်လိုက်တယ်။ ကျွန်တော်တို့ အဖြစ်က ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်ပါပဲ။
သံရုံးကိုဆက်သွယ်တော့လည်း အာဘာဖီးကုမ္ပဏီလာလိမ့်မယ်လို့ ပြောတယ်။
ကျွန်တော်တို့ကိုအေးဂျင်တွေကရော အလုပ်ရှင်ဘက်ကရော ဘာအာမခံချက်မှ မပေးဘူး
. . .
ဆက်လက်၍ပြောကြားရာတွင် “ ကျွန်တော်ထင်တယ်
ဒီနေ့လောက်ဆိုရင်တော့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေနဲ့ အဆက်အသွယ်ရပြီးတော့
လိုအပ်တဲ့အကူအညီတွေပေးနိုင်မယ်လို့ထင်တယ်။ အသေးစိတ်ကိုတော့
နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သွားပါလိမ့်မယ်။
အလုပ်သမားတာဝန်လုပ်နေတာကတော့ ညွှန်ကြားရေးမှူးဦးမျိုးအောင်ပေါ့။
နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်
ဆက်သွယ်ပြီးလုပ်နေတယ်။ အဲဒီမှာ အလုပ်သမားတွေရောက်နေတယ်။
သင်္ဘောကျင်းမှာထင်တယ်။ အလုပ်သမားရှိတယ်ဆိုတာ ကျွန်တော်သိတယ်။
တရားဝင်ခြင်းမ၀င်ခြင်းက ဒုတိယကိစ္စ။ ပထမဦးဆုံး သက်ဆိုင်ရာသံရုံးက
ကာကွယ်စောင့်ရှောက်မှုပေးဖို့က ကျွန်တော်တို့ရဲ့ဦးစားပေးလုပ်ငန်း၊ အဲဒါကို
ကျွန်တော်တို့လုပ်မယ်။ အဓိကကတော့ ကျွန်တော်တို့ရဲ့အကူအညီကို
အရင်ဆုံးရအောင်လုပ်ဖို့ ကျွန်တော်တို့အတွက် အရေးကြီးဆုံးဖြစ်နေတယ် ” ဟု
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဆိုသည်။
မလေးရှားနိုင်ငံ၊ ဆာရာဝပ်ပြည်နယ်တွင် အလုပ်လုပ်ကိုင်နေသည့်
မြန်မာအလုပ်သမားနှစ်ဦးနှင့် အင်ဒိုနီးရှားအလုပ်သမားတို့ ဒီဇင်ဘာ ၂၃
ရက်တွင် ပြဿနာစဖြစ်ရာမှ အင်ဒိုနီးရှားအလုပ်သမားများက လက်နက်မျိုးစုံဖြင့်
ရန်ပြုရန် ကြိုးပမ်းခဲ့သည့်အတွက် မြန်မာအလုပ်သမား ၉၇ ဦးမှာ
သင်္ဘောကျင်းအနီးရှိ ဂိုဒေါင်တစ်ခုတွင် ပုန်းအာင်းနေရပြီး
အကူအညီလိုအပ်နေသည့်အတွက် အဆိုပါအလုပ်သမား ၉၇ ဦးအား သက်ဆိုင်ရာ သံရုံးမှ
ကာကွယ်စောင့်ရှောက်မှုများ ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ
သည်။
လက်ရှိတွင်နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့်
ပုန်းအောင်းနေရသည့် မြန်မာအလုပ်သမားများကိုအကူအညီပေးနိုင်ရန်
ပြည်ပအလုပ်အကိုင်အေဂျင်စီ အာဘာဖီးကုမ္ပဏီနှင့်
ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မလေးရှားနှင့် ဘရူနိုင်းသံရုံးတို့ကို
အလုပ်သမားများအား အကာအကွယ်ပေးရန် တောင်းဆိုထားကြောင်းလည်း
သမ္မတရုံးညွှန်ကြားရေးမှူး မှူးဇော်၏ဖေ့ဘုတ်(ခ်)စာမျက်နှာတွင်
ဖော်ပြထားချက်အရ သိရသည်။
ထို့ပြင် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု
လုပ်ငန်းရှင်အသင်းအနေဖြင့် ပိတ်မိနေသည့် မြန်မာအလုပ်သမားများအား
အကူအညီပေးရေးအတွက် ဒီဇင်ဘာ ၂၇ ရက်တွင် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်သို့
သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment