Wednesday, January 1, 2014

စစ်တွေတွင် ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်သားတစ်ဦးသေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် မှန်စီကျေးရွာ အနီးတွင် ဘင်္ဂါလီရှစ်ဦး တိုက်ခိုက်မှုကြောင့် ယင်းနယ်မြေ လုံခြုံရေး တာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအနက် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

မှန်စီတွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဝင် နှစ်ဦးသည် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက မှန်စီရဲကင်း အနောက်ဘက် ၃ ဖာလုံခန့်အကွာ တရုတ်သင်္ချိုင်းကို ဘင်္ဂါလီ ရှစ်ဦးခန့်က ဖျက်ဆီးနေ၍ မဖျက်ဆီးရန် တားဆီးသဖြင့် ယင်းသို့ တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ဘင်္ဂါလီများက သံတူးရွင်းများဖြင့် ရိုက်နှက်မှုကြောင့် ရဲတပ်သား သန့်ဇော်ဝင်း ဆိုသူမှာ ဦးခေါင်းယာဘက်တွင် တစ်လက်မခွဲ ပေါက်ပြဲဒဏ်ရာ နှစ်ချက် ရရှိပြီး ရဲတပ်သား ကျော်ကျော်မိုး ဆိုသူမှာ ဦးခေါင်းယာဘက်တွင် တစ်လက်မခွဲ ပေါက်ပြဲဒဏ်ရာ နှစ်ချက်နှင့် နဖူးယာဘက်တွင် တစ်လမခန့်ရှိ ပေါက်ပြဲဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း ဦးဦးလှသိန်းက ပြောဆိုသည်။

ဒဏ်ရာရရှိသူ ရဲတပ်သား နှစ်ဦးလုံးကို စစ်တွေမြို့ ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသ ခဲ့သော်လည်း ရဲတပ်သား သန့်ဇင်ဝင်းမှာ ယနေ့နံနက် ၁ နာရီခန့်တွင် သေဆုံး သွားခဲ့ကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံးထံမှ သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်အတွက် စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး သစ်ဆန်းနှင့် စစ်တွေမြို့နယ် မြို့မစခန်းမှ ဒုတိယရဲမှူး သန်းလှိုင်တို့အဖွဲ့က ပြစ်မှု ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်လျက် ရှိပြီး တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟုဆိုသူ သုံးဦးကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း ဦးဦးလှသိန်းက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မှန်စီကျေးရွာသို့ ဆက်သွယ် မေးမြန်းရန် ကြိုးပမ်းခဲ့သော် လည်း အဆက်အသွယ် မရရှိခဲ့ပေ။

သင်္ချိုင်းအတွင်း ကျူးကျော်၍ အုတ်ဂူများကို ဖျက်ဆီးခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်း ပြုခဲ့ကြသော ဘင်္ဂါလီများကို စစ်တွေမြို့ မြို့မရဲတပ်ဖွဲ့စခန်းတွင် (ပ) ၃၁၃/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၇/၃၃၃ အရ အမှုဖွင့်ထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget