Friday, January 10, 2014

NLD ပါတီဝင်များမှ ဆရာတော် အရှင်ဆန္ဒာဓိကအား ဒေါ်စုအောက် တစ်ဆင့်နိမ့်၍နေရာချထားခဲ့သဖြင့် ဗုဒ္ဓဘာသာဝင်များ ယူကျုံးမရဖြစ်



ရန်ကုန်၊ ဇန်န၀ါရီ ၁၀

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်ခရီးစဉ်တွင် ကျောင်းဆောင်ဖွင့်ပွဲ တက်ရောက်ချီးမြှင့်ရန် ကြွရောက်ခဲ့သော ရှင်ဆန္ဒာဓိကအား NLD မှ မြင့်မြတ်သောနေရာတွင် ထားရှိခြင်း မပြုသည့်အပေါ် သံဃာများအကြား ဝေဖန်ပြောကြားမှုများ ထွက်ပေါ်လာလျက် ရှိသည်။

ဤသို့ နေရာချထားစီစဉ်မှုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မခံသင့်ကြောင်း၊ ဆရာတော်အနေဖြင့် စီစဉ်ပေးသည့်အတိုင်း နေရာယူရခြင်း ဖြစ်၍ မည်သည့်စောဒကတက်မှုမှ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း မျက်နှာ မကောင်းကြောင်း၊ ၄င်းအခမ်းအနား ပြီးသည်နှင့် ဆရာတော်သည် ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်၍ ပြန်လည်ကြွချီလာခဲ့ခြင်း ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် ဆရာတော်အား ယင်းကဲ့သို့ စီစဉ်ပေးထားမှုကို စိတ်မကောင်း ဖြစ်ရကြောင်း ဆရာတော်၏ အနီးကပ်ဒါယကာတစ်ဦးက ပြောကြားသည်။

"ဒေါ်စုက အလယ်တည့်တည့်မှာ ဆရာတော်က ဘေးအစွန်မှာ၊ ပြီးတော့ ထိုင်ခုံကလည်း ဒေါ်စုအတွက် နှစ်ယောက်ထိုင် ထိုင်ခုံ ချထားတယ်၊ ဆရာတော်အတွက်ကျတော့ တစ်ယောက်ထိုင်ထိုင်ခုံ တစ်လုံးတည်းပဲ ရှိတယ်။ ဒေါ်စုလည်း ဒီလို ချထားတာကို သိတယ်ဗျ။ စားပွဲကအစ စီစဉ်ချထားတာက ဆရာတော်က ဘေးမှာ။ ကျွန်တော်တို့လည်း ၀င်ပြောလို့ မကောင်းဘူး။ ဆရာတော်လည်း သိပါတယ်။ ဘာမှသာ မပြောတာ မျက်နှာကတော့ လုံးဝ မကောင်းဘူး။ ဆရာတော်လည်း စိတ်မကောင်း ဖြစ်သွားပုံရတယ်။ မဖြစ်သင့်ဘူးပေါဗျာ" ဟု ၄င်းကပြောသည်။

ရှင်ဆန္ဒာဓိကအား ဤသို့ နေရာချထားခြင်းနှင့်ပတ်သက်၍ NLD ရုံးချုပ်သို့ ဆက်သွယ်မေးမြန်းရာ ချင်းပြည်နယ် NLD တာဝန်ရှိသူများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်တွင် လိုက်ပါသွားကြသော အနီးကပ်များသို့ ဆက်သွယ်မေးမြန်းရန်သာ ဖြေကြားခဲ့သည်။ ရုံးချုပ်မှ ပေးသော ဖုန်းနံပတ်များကို ဆက်သွယ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ယခုသတင်းဖော်ပြချိန်အထိ ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပါ။


ချင်းပြည်နယ်တွင် ခရစ်ယာန်အများစု နေထိုင်ကြသည်ဆိုသော်လည်း ဘာသာရေးအရ သံဃာ၊ သင်းအုပ်ဆရာ၊ ဘုန်းတော်ကြီး စသည်တို့ကို အခမ်းအနားများ၌ ဦးစားပေးနေရာချထားလေ့ရှိသည်။ ယခု နေရာချထားမှုမှာ ဒေါ်အောင်ဆန်းစုကြည်သည် ရှင်ဆန္ဒာဓိကထက် ပိုမိုမြင့်မြတ်သည့်အသွင်ဆောင်နေသောကြောင့် ဗုဒ္ဓဘာသာဝင်အချို့က မကျေမနပ် ဖြစ်နေကြောင်း သိရှိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget