ကျွန်တော် ဗမာကားမကြည့်ပါဘူး။ ခရီးသွားတဲ့အခါဆိုရင်တော့ ကားပေါ်မှာဖွင့်ဖွင့်ပြတတ်လို့ မကြည့်ပေမယ့် မြင်နေရတတ်ပါတယ်။ များသောအားဖြင့် နားကြပ်တပ်ပြီး မျက်လုံးပိတ်ထားတာပါ။ နားပူလွန်းရင်တော့ သီချင်းလေးပိတ်ပြီး တီဗီကို ငေးမိတာပေါ့။ အခုလည်း အဲ့လိုငေးမိရာကနေ နေရင်းထိုင်ရင်း ကျက်သရေတုံးဖို့ ဖြစ်လာရတာပါပဲ။မင်းသားက လူမင်း၊ မင်းသမီးတို့ အရံမင်းသားတို့က ကျွန်တော်နာမည်မသိဘူး။ ဇာတ်ညွှန်းနဲ့ဒါရိုက်တာက ညိုမင်းလွင် တဲ့။ ဇာတ်ကားနာမည်က "ဆဌမမြောက်အခန်း"ဆိုလား။
စကြည့်တဲ့အချိန်ကနေ ၁၅မိနစ်အတွင်းမှာ ဒင်းတို့တွေ ကျက်သရေအတော်တုံးကြောင်း ခံစားရတော့တာပဲ။ မင်းသားကြီး Antonio Banderas သရုပ်ဆောင်ထားတဲ့ "The Skin I Live In" ကို ခိုးထားတာခင်ဗျ။ ၂၀၁၁ တုန်းက ထွက်ခဲ့တဲ့ စပိန်ဇာတ်ကားတစ်ကားပါ။ မူရင်းနာမည်က "La piel que habito" တဲ့ဗျ။ သူ့ရဲ့ တစ်ဦးတည်းသောသမီးလေးကို မုဒိန်းကျင့်၊ စိတ်ရောဂါရပြီး အသက်ဆုံးအောင်လုပ်ပစ်လိုက်တဲ့ လူငယ်တစ်ယောက်ကို ရုပ်ရည်နဲ့ လိင်အင်္ဂါပြောင်းလဲ၊ အရေပြားတစ်ခုလုံးအစားထိုး၊ နေမထိလေမထိအမျိုးသမီးငယ်တစ်ယောက်ဖြစ်လာအောင် အခန်းထဲမှာ ၆ နှစ်လောက်ပိတ်လှောင်ထားခဲ့တဲ့ သိပ်တော်၊ သိပ်ထက်ပြီး သွေးအေးအေးနဲ့ ရက်စက်တဲ့ ဆရာဝန်ကြီးတစ်ယောက်အကြောင်းပါ။
မောင်ညိုမင်းလွင်တို့၊ မောင်လူမင်းတို့ လုပ်ချလိုက်တာများ မော်ဒန်ဆန်တဲ့ ဇာတ်ကားဟာ ငပေါကားကြီးဖြစ်သွားပါပကောလား။ အနှစ်အသားပါလွန်းတဲ့ ဇာတ်ဝင်ခန်းတွေကိုကျ မထည့်ပါဘူး။ ဒိုင်ကြောင်တွေကိုတော့ကရားရေလွှတ်တတွတ်တွတ်ပြောပါတယ်။(အတောင်ချိုးခံထားရတဲ့ငှက်တစ်ကောင်
ဟာ အတောင်တွေ ပြန်ပေါက်လာရင်တောင် မပျံသန်းတတ်တော့ပါဘူး)တို့ ဘာတို့။ အဲ့ဒီလို ဒိုင်ကြောင်တွေကို ရုပ်တည်ကြီးနဲ့ ပြောကြပါတယ်။ကျွန်တော် အဲ့ဒီကားကို အပြီးထိကြည့်ခဲ့ပါတယ်။ ကြိုက်လွန်းလို့ မဟုတ်ဘဲ ရွံရှာစိတ်တစ်ဝက်၊ အံ့သြစိတ်တစ်ဝက်နဲ့ ကြည့်ခဲ့တာပါ။ လုပ်ရဲလိုက်တာ လုပ်ရက်လိုက်တာ လို့ စိတ်ထဲက တဖွဖွ ရေရွတ်ပြီး ကြည့်ခဲ့ပါတယ်။
ကျွန်တော်ဘာကောင်မှ မဟုတ်ပါဘူး။ အနုပညာကို ဝါသနာပါသူ၊ ရုပ်ရှင်ကြည့်တယ်ဆိုတာကို အပန်းဖြေတာထက်ပိုတဲ့ အခြေအနေတစ်ခုမှာ ခံစားသူပါ။ ပြီးတော့ သူတစ်ပါး ကိုယ်ပိုင်ဖန်တီးထားတဲ့ အနုပညာတိုင်းကို တန်ဖိုးထားတတ်သူပါ။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဥပဒေမှာတော့ သူတပါးမယား ကြာခိုတာက သူတပါးအနုပညာပစ္စည်း၊ သူတပါးဥာဏပစ္စည်းကို ခိုးယူတာထက် ပိုပြီး မြတ်တယ်၊ ပိုပြီး လက်ခံနိုင်စရာရှိတယ်လို့ပဲ ပြောပါရစေ ကိုလူမင်းနဲ့ ကိုညိုမင်းလွင်။ ကျွန်တော် သာမန်လူငယ်တစ်ယောက်ပါပဲ။











0 comments:
Post a Comment