Tuesday, May 6, 2014

မျိုးစောင့်ဥပဒေနှင့် ကော်မရှင်ဖွဲ့စည်းမှု အပြင်းအထန် ကန့်ကွက်ခံရ

သမ္မတဦးသိန်းစိန်က မျိုးစောင့်ဥပဒေရေးဆွဲ
ရန်ကြိုးပမ်းခြင်းနှင့် ကော်မရှင်ဖွဲ့စည်းဆောင်
ရွက်ခြင်းကို အမျိုး သမီးအဖွဲ့အစည်းနှင့် အရပ်
ဘက်လူမှုအဖွဲ့အစည်း ၈၉ ဖွဲ့က အပြင်းအထန်


ကန့်ကွက်ကြောင်း မေလ ၅ ရက်က အသိပေးချက်တစ်စောင်ထုတ်ပြန်သည်။

ထိုအဖွဲ့အစည်းများက အသိပေးချက် ၁၁ ချက်နှင့် အကြံပြုတိုက်တွန်းချက် ခုနစ်ချက်ကို ထုတ်ပြန်ခဲ့သည်။

မျိုးစောင့်ဥပဒေရေးဆွဲခြင်းသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများနှင့် နိုင်ငံတွင်းရှိ အခြားဘာသာဝင်နှင့် တိုင်း ရင်းသူများအကြား တိုက်ရိုက်ခွဲခြားဆက်ဆံသည့် သဘောဖြစ်သည့်အပြင် အမျိုး၊ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ကို အမျိုးသမီးများအပေါ် လုံးဝပုံချလိုက်ခြင်းဖြစ်ပြီး အမျိုး သမီးတို့အား မိမိတို့ဘ၀ဆိုင်ရာ လွတ်လပ်စွာဆုံးဖြတ်ခွင့်ကို ကန့်သတ်ချုပ်ချယ်လိုသည့် သဘောသက် ရောက်သည်။ အမျိုးသမီးများ၏ မွေးရာပါမူလအခွင့်အရေးဖြစ်သော တန်းတူညီမျှရေးအတွက် နိုင်ငံတော် သမ္မတ၏ မျိုးစောင့်ဥပဒေရေးဆွဲရေးကြိုးပမ်းချက်နှင့် ကော်မရှင်ဖွဲ့စည်းတာဝန်ပေးအပ်အပ်ချက်တို့ကို အ ပြင်းအထန်ကန့်ကွက်သည်ဟု ထိုအဖွဲ့အစည်းများက ဆိုသည်။

Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ဘာသာရေးကို အခြေခံတဲ့ ခွဲခြားမှုတွေ ဖြစ်ပေါ် နိုင်တယ်။ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့အမျိုးဘာသာကို ကာကွယ်တာဟာ သူတစ်ပါးအမျိုး ဘာသာကို နှိမ့်ချ ဆက်ဆံတာမျိုး ဖြစ်နိုင်တာမို့ ကိုယ့်အမျိုးဘာသာကိုထိန်းဖို့လုပ်တဲ့နည်းလမ်းတွေက အမျိုးသမီးထုကိုကာ ကွယ်တာမဟုတ်ဘဲ အမျိုးသားတွေပါ ထိန်းသိမ်းသင့်ပါတယ်။ မိန်းမတွေကပဲ ထိန်းရမယ်ဆိုတာ မညီမျှဘူး လို့ ထင်ပါတယ်” ဟု ပြောသည်။

ထိုထုတ်ပြန်ချက်က နိုင်ငံတွင်းဖြစ်ပေါ်နေသည့် မျိုးစောင့်ဥပဒေရေးဆွဲရေး အပါအ၀င် ဘာသာရေးအခြေခံ နိုင်ငံရေး လှုပ်ရှားမှုများနှင့် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လှုံ့ဆော်မှုများသည် အစွန်းရောက် အကြမ်းဖက်မှုများ တားဆီးရန်နှင့် ဘာသာပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် ဦးတည်ရည်မှန်း ချက်များနှင့် မကိုက်ညီသည့်အပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပြည်သူတို့အား အာရုံပြောင်းသော ကိစ္စအဖြစ် သုံးသပ်ထားပြီး ၎င်းက ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကို အဟန့် အတားဖြစ်စေသည်ဟု ဆိုသည်။

ထို့ပြင် မျိုးစောင့်ဥပဒေ အဆိုတင်သွင်းခြင်းကိုအကြောင်းပြု၍ ၂၀၁၅ ရွေး ကောက်ပွဲအတွက် နိုင်ငံရေး အမြတ်ထုတ်ခြင်းနှင့် အခြားမလိုလားအပ်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေမည်ကို အထူး အလေးအနက်ထည့်သွင်း စဉ်းစားသင့်သည်ဟု ဆိုသည်။

အစိုးရက သဘောတူ လက်မှတ်ရေးထိုးထားသည့် ၁၉၉၇ ခုနှစ် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေးသဘောတူစာချုပ် (စီဒေါ) ကို အတိအလင်း ချိုးဖောက်ရာရောက်ပြီး အမျိုးသမီးများ အမှန်တကယ်လုံခြုံရေးနှင့် ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်မှာ နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရှိရေးက အဓိကကျသည့်အတွက် ထိုအဖွဲ့အစည်းများက အကြမ်းမဖက်သော နည်းလမ်းမျိုးစုံ ဖြင့် အသုံးပြု ကြိုးပမ်းဆောင်ရွက်မည်ဟု အသိပေးထားသည်။

မျိုးစောင့်ဥပဒေမူကြမ်း ရေးဆွဲရေး ဆောင်ရွက်လျက်ရှိသည့် အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး အဖွဲ့ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆရာတော်ဦးဝီရသူက “ဘုန်းကြီးတို့တင်ထားတဲ့ဥပဒေကသူများတွေရဲ့ အမျိုး၊ ဘာသာ၊ သာသနာကို ထိခိုက်တာမျိုးလည်း မပါဘူး။ ဥပဒေမူကြမ်းကို သေချာဖတ်ကြည့်ရင် မိမိ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်တာပဲပါတယ်။ သူတို့ဘက်ကလည်း သူတို့အမြင်နဲ့ ပြောကြ ဆိုကြ တာလည်းရှိမယ်။ ဘုန်းဘုန်းတို့ကတော့ ဒီဥပဒေထွက်ရှိလာဖို့ ဆက်ပြီးလုပ်သွားမယ်” ဟု မိန့်သည်။

မျိုးစောင့်ဥပဒေမူကြမ်းကို လွှတ်တော်သို့ တင်ပြပေးမည်ဟု ဆိုထားသည့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က ကိုယ့်အမြင်၊ ကိုယ့်ရှုထောင့်က အသီးသီး တင်ပြကြခြင်းဖြစ်ပြီး ဥပဒေမူကြမ်း လွှတ်တော်သို့ရောက်ရှိပါက အားနည်းချက်၊ အားသာချက်များကိုကြည့်ကာ အတည်ပြုသင့်လျှင် ပြုသွားမည် ဖြစ်ပြီး အဖွဲ့အစည်းများက လွှတ်တော်သို့ တင်ပြလာပါကလည်း ကန့်ကွက်ခြင်းမပြုဘဲ နှစ်ဖက်အမြင်များ ကို သုံးသပ်ဆွေးနွေးသွားမည်ဟု ဆိုသည်။

ထိုအဖွဲ့အစည်းများက အကြံပြု တိုက်တွန်းထားသည်မှာ မျိုးစောင့်ဥပဒေမူကြမ်းရေးဆွဲ တင်သွင်းရေးထက် ပြည်သူများလိုလားသည့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး သည် တစ်မျိုးသားလုံးအတွက် ဦးစားပေး အားစိုက်လုပ်ဆောင်သင့်သည့်ကိစ္စများဖြစ်သည့်အတွက် ပိုမို အလေးထား အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်သင့်သည်ဟု အကြံပြုထားသည်။

ထို့ပြင် အထူးအငြင်းပွားဖွယ်ဖြစ်နေသည့် မလိုလားအပ်သည့် ဆိုးကျိုးရလဒ်များကို ဖိတ်ခေါ်နေသည့် မျိုး စောင့်ဥပဒေကြမ်းကို ရေးဆွဲတင်သွင်းမည့်အစား ဘာသာရေးနှင့် အမျိုးသားဖြစ်ခြင်း၊ အမျိုးသမီး ဖြစ်ရခြင်း အပေါ်အခြေမခံဘဲ မည်သည့် လူမျိုး၊ မည်သည့် ဘာသာကိုးကွယ်သူဖြစ်စေ နိုင်ငံတော်မှ ဥပဒေအရ တရားဝင် အသိအမှတ်ပြုထားသည့် လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်ခြင်းကို မဖြစ်မနေပြုလုပ်စေရန် ပြဋ္ဌာန်းသင့်ပြီး မည်သည့်အမျိုးသမီး၊ အမျိုးသားမဆို တရားဝင်လက်ထပ်ထိမ်းမြားမှုကို မှတ်ပုံတင်နိုင်ရန် အသက်ကန့်သတ်ချက်ကို ဥပဒေဖြင့် အတိအကျ ပြဋ္ဌာန်းသင့်သည်ဟု အကြံပြုတိုက်တွန်းထားသည်။

၂၀၁၄ခုနှစ် နှစ်ဆန်းပိုင်းတွင် သမ္မတ ဦးသိန်းစိန်က မျိုးစောင့်ဥပဒေပေါ်ထွက်လာရေး ထောက်ခံအားပေး သွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် လွန်ခဲ့သည့် နှစ်လခန့်က မျိုးစောင့်ဥပဒေမူကြမ်း ရေးဆွဲရေး အဖွဲ့ဝင် ၂၀ ပါသည့် ကော်မရှင် ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ ကိုးကွယ်ခြင်း၊ ဘာသာကူးပြောင်းခြင်း ဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းပေးရေး သုံးသပ်စဉ်းစားပေးရန် သ၀ဏ်လွှာပေးပို့ ခဲ့သည်။

0 comments:

Post a Comment

 
Twitter Bird Gadget