Sunday, June 22, 2014

ပုပ္ပားတောင်အနီးတွင် ဗုံးသီးဟောင်း နှစ်ရာကျော်တွေ့

 ပုပ္ပားတောင်မြောက်ဘက်ရှိ စိတ္ထိန်းကျေးရွာတွင် ဆေးခန်းအနီး ၀န်ထမ်းအိမ်ရာ တည်ဆောက်ရန် မြေကျင်းတူးရာ ဗုံးသီးနှစ်ရာကျော် တွေ့ရှိ၍ မိတ္ထီလာ မိုင်းရှင်းလင်းရေးတပ်က လာရောက်ရှင်းလင်းပေးခဲ့ကြောင်း သတင်းရရှိသည်။ ဇွန်လ ၂၀ ရက်တွင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားမြို့၊ စိတ္ထိန်းကျေးရွာရှိ ဆေးခန်း၌ ၀န်ထမ်းအိမ်ရာ အဆောက်အအုံ ဆောက်ရန် မြေကျင်းတူးရာမှ ဗုံးသီးများတွေ့ရှိ၍ မြို့နယ်ရဲတပ်ဖွဲ့နှင့် တပ်မ (၇၈) တပ်ရင်းသို့ အကြောင်းကြားပြီး မိတ္ထီလာမိုင်းရှင်းလင်းရေးတပ်ကို ခေါ်ဆောင်၍ တူးဖော်ရာ ဗုံးသီး ၂၅၇ လုံး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

‘‘ဆေးခန်းက အလုပ်သမား ၀န်ထမ်းနေဖို့ အဆောက်အအုံဆောက်ဖို့ မြေကျင်းတူးတာကနေ စတွေ့တာလို့ ပြောတယ်။ မိတ္ထီလာက မိုင်းရှင်းလင်းရေးတပ်ကို ခေါ်ပြီး အကုန်လုံးတူးတာ ၂၅၇ လုံး တွေ့တာပဲ။ အဲဒါကို အကုန်လုံး သူတို့ဖျက်ဆီးပစ်ဖို့ဆိုပြီး သယ်သွားတယ်’’ဟု စိတ္ထိန်းကျေးရွာ ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ ဗုံးသီးများတွေ့ရှိခြင်းနှင့် ပတ်သက်ပြီး ပုပ္ပားမြို့ နယ် ရဲစခန်းမှူးထံ ဆက်သွယ်မေးမြန်းရာ လုံခြုံရေးအတွက် ဖြစ်သောကြောင့် ဖြေကြားပိုင်ခွင့်မရှိကြောင်းပြောသည်။
‘‘စစ်တပ်က ဗိုလ်တွေ ပြောသွားတာတော့ ဒီနေရာက ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေ စခန်းချသွားတဲ့နေရာလို့ပြောတယ်။ ဒီ ဗုံးတွေကို သူတို့မြှုပ်သွားတာလို့ ပြောတယ်။ အဲဒီနေ့တုန်းကတော့ တစ်နေကုန် တူးဖော်နေရတာပဲ။ ညနေရောက်မှ ပြီးသွားတယ်။ နောက်ထပ် မရှိတော့ဘူးလို့ ပြောသွားတာပဲ’’ဟု ထိုနေရာသို့ သွားရောက်ကြည့်ရှုသော ပုပ္ပားမြို့ ဒေသခံ ကိုဝင်းကိုကပြောသည်။
အဆိုပါဗုံးများသည် ဗုံးအသစ်များမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးဟောင်းများဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

 
Twitter Bird Gadget