Monday, September 22, 2014

အကြွေးတောင်းရာမှ ဗလီနှင့် နေအိမ်တစ်လုံး ဖျက်ဆီးခံရပြီးနောက် ပခုက္ကူတွင် လုံခြုံရေးတင်းကြပ်

ဖျက်ဆီးခံရသည့် နေအိမ် (ဓာတ်ပုံ −ကိုကိုလူလည်ကြီး ဖေ့စ်ဘွတ်ခ်)
ပခုက္ကူမြို့နယ်၊ မြစ်ခြေ မြို့တွင် အကြွေးတောင်းရာမှ ဘာသာရေး၊လူမျိုးရေး ပဋိပက္ခဆန်ဆန်ဖြစ်ပွားရာ ဗလီတစ်ခုနှင့်နေအိမ်တစ်လုံး ဖျက်ဆီးခံရခြင်း ကြောင့် ပခုက္ကူမြို့တွင် လုံခြုံရေး တိုးမြှင့်ချထားကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၀ရက်ည ၈ နာရီအချိန်တွင်မြစ်ခြေမြို့၊တိုးချဲ့ (၂)ရပ်ကွက်နေ ဘာသာခြားဖြစ်သူ ဦးမိုးဝင်းထံသို့ ခင်ပွန်းဖြစ်သူ၏ လုပ်အားခ ငါးထောင်ကျပ်ကို ဇနီးဖြစ်သူ မချိုသက်မာက  အကြွေးသွားတောင်းခဲ့သည်။
ဦးမိုးဝင်း၏ ဇနီးဖြစ်သူက မချိုသက်မာကို မပေးနိုင်ကြောင်း ပြောဆိုပြီး ရိုက်နှက်သဖြင့်  မချိုသက်မာက ပတ်ဝန်းကျင်ကို အကူအညီတောင်းခံရာမှ လူစုလူဝေးအနည်းငယ်ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။  လူစုလူဝေးက ဦးမိုးဝင်း၏ အိမ်ကို စတင်ဖျက်ဆီးချိန်တွင်  မြစ်ခြေမြို့၌ လျှပ်စစ်မီးများပြတ်သွားရာ ဦးမိုးဝင်းနှင့်၎င်း၏ မိသားစုဝင်များက ထွက်ပြေးသွားခဲ့ကြောင်း သတင်းရရှိသည်။ လျှပ်စစ်မီး  ပြတ်တောက်သွားသော ကြောင့် လက်ဖက်ရည်ဆိုင်များတွင် ဘောလုံးပွဲကြည့်နေသောလူများက ပြဿနာ စတင်ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာကြပြီး လူပိုများလာခြင်းဖြစ်သည်။  ယင်းသို့ ဖြစ်ပွားချိန်တွင် လာရောက်စုဝေးသူ အရေအတွက်မှာ အနည်းဆုံးငါးရာကျော်ရှိကြောင်း ထိုအနီးအနားသို့ ရောက်ရှိနေသူ တစ်ဦးကပြောသည်။
‘‘လုပ်အားခအကြွေးတောင်းတာကနေ စဖြစ်တာပါ။ အဲဒီမှာလူစုလာပြီး ဗလီတစ်ခုနဲ့ အိမ်ဖျက်ဆီးခံလိုက်ရပါတယ်။ ဖျက်ဆီးခံရတယ်ဆိုတာကလည်း အနည်းငယ်သာ ဖျက်ဆီးခံရတာပါ။ အဲဒီညမှာပဲ အားလုံးထိန်းသိမ်းနိုင်ခဲ့ပါတယ်’’ဟု မြစ်ခြေမြို့ မရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ထိုနေ့ည ၁၁ နာရီအချိန်တွင်  မြစ်ခြေမြို့ရှိ ဗလီသို့ လူစုလူဝေးဖြင့် သွားရောက်ပြီး ဖျက်ဆီးမှုများပြုလုပ်နေချိန်တွင် မြစ်ခြေမြို့နှင့် ပခုက္ကူမြို့ရှိ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တားဆီးထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။
‘‘အကြွေးသွားတောင်းတာကို မပေးဘဲ ရိုက်နှက်ကြတာ။ အဲဒီလိုဖြစ်လို့ လူစုတဲ့အချိန်မှာ မီးဖြတ်ချလိုက်တယ်။ အဲဒီမှာပဲ ဦးမိုးဝင်းတို့က ထွက်ပြေးကြတာ။ သူတို့ သက်သက်ထွက်ပြေးနိုင်အောင် မီးဖြတ်ချလိုက်တာ။ အဲဒီအချိန်မှာ လူသိပ်မစုသေးဘူး။ ရဲတပ်ဖွဲ့က မထိန်းသိမ်းဘဲ နေနေတာ။ အဲဒီအချိန်ကတည်းက ထိန်းသိမ်းရင် ဘာမှမဖြစ်ဘူး’’ဟု စက်တင်ဘာ ၂၀ ရက် ညက အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသော မြစ်ခြေဒေသခံလူငယ်တစ်ဦးကပြောသည်။
ယင်းဖြစ်စဉ်တွင် ဦးမိုးဝင်း၏ နေအိမ်ရှိ ဆိုင်ကယ်သုံးစီး၊ တီဗီနှင့် အသုံးအဆောင်များ ဖျက်ဆီးခံခဲ့ရပြီး ဦးမိုးဝင်း၏ အစ်ကို ရောင်းချသောဈေးဆိုင်ကိုလည်း ဖျက်ဆီးမှု အနည်းငယ် ပြုလုပ် ခဲ့သည်။
အခင်းဖြစ်ပွားရာသို့ ပခုက္ကူမြို့ရှိ ဆရာတော်ကြီးများ ရောက်ရှိလာပြီး ရဲတပ်ဖွဲ့ဝင်များနှင့် အခြေအနေထိန်းသိမ်းကာ နံနက် ၁ နာရီကျော်တွင် လူစုကွဲသွားခဲ့သည်။ စက်တင်ဘာ ၂၁ ရက်တွင် မူမြစ်ခြေမြို့၌ တည်ငြိမ်အေးချမ်းလျက်ရှိနေကြောင်း သတင်းရရှိသည်။
မြစ်ခြေ နှင့် မိုင်နှစ်ဆယ်နီးပါးကွာဝေးသော ပခုက္ကူမြို့တွင် လုံခြုံရေးတိုးမြှင့်ထားသလို မြို့ပေါ်ရှိ  ဗလီကျောင်းများကိုလည်း လုံခြုံရေး တိုးမြှင့်ထားကြောင်း ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အခင်းဖြစ်ပွားရာတွင် ပါဝင်သော မချိုသက်မာသည် ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသော ကြောင့် မြစ်ခြေမြို့ ဆေးရုံ၌ တက်ရောက်ကုသနေကြောင်း သတင်းရရှိသည်။ ထွက်ပြေးတိမ်းရှောင်နေသော ဦးမိုးဝင်းကို ပုဒ်မ ၃၂၅၊ ၃၅၄၊ ၂၈၉၊ ၃၄၆ စသည့် ပုဒ်မများဖြင့် အမှုဖွင့်အရေးယူပြီး စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ၎င်းတို့နှစ်ဦးကို ဖမ်းဆီးမိပြီဖြစ်ပြီး ပခုက္ကူ အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၁ရက်တွင် မြစ်ခြေမြို့၌ ကမ္မမြို့ရဲတပ်ဖွဲ့နှင့် ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့က လာရောက်၍ လုံခြုံရေးပေးထားကြောင်း သတင်းရရှိသည်။ ပဋိပက္ခကူးစက်လာမည်ကို ပခုက္ကူမြို့ ဒေသခံများက စိုးရိမ်လျက်ရှိပြီး မြို့လမ်းမတစ်လျှောက်တွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ချထားကြောင်း ပခုက္ကူမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်ဆွေက စက်တင်ဘာ ၂၁ရက် ညနေတွင်ပြောသည်။
‘‘ဒီနေ့ထိတော့ အေးအေးချမ်းချမ်းပါပဲ။ ကူးလာမှာကြောက်လို့ စိုးရိမ်နေကြတယ်။ မြစ်ခြေမှာလည်း ငြိမ်သွားပြီလို့ကြားပါတယ် ’’ဟု ၎င်းကပြောသည်။

0 comments:

Post a Comment

 
Twitter Bird Gadget