Tuesday, October 7, 2014

တူရကီ-ဆီးရီးယား နယ်စပ်ရှိ အချက်အခြာကျသည့် ကိုဘာနီမြို့ကို IS တပ်ဖွဲ့များ ထိုးဖောက်ဝင်ရောက်

ကိုဘာနီမြို့အနီးတွင် လွှင့်ထူထားသော IS အလံကို တွေ့ရစဉ်
တူရကီနှင့် နယ်စပ်အနီးရှိ မဟာဗျူဟာအရ အချက်အခြာကျသော ဆီးရီးယားပိုင် ကိုဘာနီမြို့သို့ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့များ စတင်ဝင်ရောက်နေကြောင်း သတင်းရရှိသည်။
ဆီးရီးယားရှိ ကာ့ဒ်တိုက်ခိုက်ရေးသမားများက မြို့ကို IS တပ်ဖွဲ့လက်အောက် မကျရောက်အောင် ပြင်းပြင်းထန်ထန် ခုခံ ကာကွယ်နေသဖြင့် မြို့တွင်း လမ်းမများတွင် တိုက်ပွဲများ ပြင်းထန်လျက် ရှိသည်။ IS တပ်ဖွဲ့သည် ရက်ပေါင်း အတော်ကြာ မြို့ကို ဝန်းရံထားပြီးနောက် အောက်တိုဘာ (၆)ရက်တွင် မြို့အရှေ့ပိုင်းမှ စတင်ထိုးဖောက်ရန် အားထုတ်လာခဲ့သည်။
ကိုဘာနီမြို့၏ အစိတ်အပိုင်း အချို့ကို IS တို့က သိမ်းယူထားပြီဟု ယူဆရပြီး အဝေးမှ ကြည့်ပါက မြို့၏ အထပ်မြင့် အဆောက်အအုံ အချို့နှင့် တောင်စောင်းနေရာများ အထက်တွင် IS အဖွဲ့၏ အနက်ရောင် အလံများ တလူလူ လွင့်ပျံနေသည်ကို တွေ့မြင်ရသည်။
IS တပ်ဖွဲ့များ ကိုဘာနီသို့ ဝင်ရောက်လာပြီးနောက် မြို့ခံ (၂၀၀၀)ကျော်မျှသည် တူရကီနှင့် နယ်စပ်ဒေသဘက်သို့ ထွက်ပြေးလာကြောင်း သိရသည်။ တူရကီ စစ်တပ်သည် ၎င်းတို့၏ နယ်ခြားဘက်ခြမ်းတွင် တင့်ကားများကို ခင်းကျင်း စောင့်ကြပ်နေပြီး IS တပ်ဖွဲ့များ တူရကီပိုင်နက်သို့ ကျူးကျော်လာနိုင်သည့် အခြေအနေကို ကြိုတင် ကာကွယ်ထားသည်။
IS အဖွဲ့အနေဖြင့် (၃)ပတ်ကျော် ဝန်းရံပိတ်ဆို့ထားသည့် ကိုဘာနီကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါက ဆီးရီးယားနှင့် တူရကီ နယ်စပ်ရှိ ကျယ်ပြောသော အချက်အခြာ နယ်နိတ်မိတ်ကို ထိန်းချုပ်ခွင့် ရသွားမည် ဖြစ်သည်။ IS အဖွဲ့က ပိတ်ဆို့ထားသည့် (၃)ပတ်အတွင်း ကာ့ဒ်လူမျိုး အများစု အပါအဝင် လူပေါင်း (၁၆၀၀၀၀)မျှ မြို့ကို စွန့်ခွာ ထွက်ပြေးသွားပြီး ဖြစ်သည်။
ကိုဘာနီမှ ဒေသဆိုင်ရာ အရာရှိ တစ်ဦးဖြစ်သည့် အိုင်ဒရစ်နက်ဆန်းက ISတို့လက်သို့ မကြာမီမှာပင် တစ်မြို့လုံး ကျရောက်သွားတော့မည်ဟု BBC သို့ ဆက်သွယ် ပြောကြားထားသည်။ အောက်တိုဘာ (၇)ရက်တွင် IS အဖွဲ့သည် မြို့အတွင်းရှိ အဓိက မဟာဗျူဟာ တောင်ကုန်းဖြစ်သည့် မစ္စတားနားကို ထိန်းချုပ်ထားပြီ ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ တောင်ကုန်းပေါ်မှနေ၍ IS တပ်ဖွဲ့က ကာ့ဒ်ခုခံရေးသမားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
ဒေသဆိုင်ရာ ကာ့ဒ်အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်သည့် ကာဝမ်ဇီဘာရီက တူရကီ အစိုးရ အနေဖြင့် ထွက်ပြေးလာသော ကာ့ဒ်အနွယ်များကို အကူအညီ ပေးပါရန် ပန်ကြားထားသည်။ “လက်ရှိ အခြေအနေအတိုင်း ဆက်ဖြစ်နေပြီး နိုင်ငံတကာ အထောက်အပံ့လည်း မရှိဘူးဆိုရင် ကိုဘာနီမြို့နဲ့ ခုခံရေးတပ်ဖွဲ့ဟာ IS တပ်တွေလက်ထဲ လုံးဝ ကျရောက်သွားမှာပါ”ဟုလည်း ၎င်းက ဆိုသည်။
ကိုဘာနီမြို့ အနီးရှိ IS စစ်ကြောင်းများကို အမေရိကန်က ဗုံးကြဲ တိုက်ခိုက်နေပြီး ယခုသီတင်းပတ် အစောပိုင်းတွင် IS၏ ကင်းစခန်း နေရာနှစ်ခုကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ကြောင်း ကြေညာခဲ့သည့်တိုင် အဆိုပါ လေကြောင်း တိုက်ခိုက်မှုများသည် အမှန်တကယ် ထိရောက်မှု နည်းပါးနေဆဲဟု လေ့လာသူများက မှတ်ချက်ပြုထားသည်။

0 comments:

Post a Comment

 
Twitter Bird Gadget