၇န်ကုန်၊ စက်တင်ဘာ ၅
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့်
မိုဘိုင်းလ်ဖုန်းသုံးစွဲသူ ငါးသန်းခွဲကျော် ရှိကြောင်း ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာရင်းများအရ
သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ယခုလအတွင်း မိုဘိုင်းလ်ဖုန်း
လိုင်းသုံးသိန်းခွဲ ထပ်မံချထားပေးခဲ့ပြီးနောက် ပြည်တွင်းတွင်
ချထားပေးခဲ့သော လိုင်းအရေအတွက် စုစုပေါင်း ၅ ဒသမ ၅၅ သန်းရှိလာပြီး
စုစုပေါင်းလူဦးရေ၏ ၁၀ ရာခိုင်နှုန်းနီးပါး ရှိလာကြောင်း
အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၁၅၀၀
ကျပ်တန် ဆင်းမ်ကတ် ၁ ဒသမ ၇၅ သန်းကို ဧပြီလမှ သြဂုတ်လအတွင်း ပြည်နယ်နှင့်
တိုင်းဒေသကြီး အစိုးရအဖွဲ့ အသီးသီးမှတစ်ဆင့် ရောင်းချခဲ့ပြီး ဖြစ်သည်။
လက်ရှိတွင်
မြန်မာနိုင်ငံအတွင်း အိမ်ထောင်စု အရေအတွက် ၈ ဒသမ ၇ သန်းကျော်ရှိပြီး
အိမ်ထောင်စု ၁ ဒသမ ၇ ခုသာလျှင် မိုဘိုင်းလ်ဖုန်း တစ်လုံးနှုန်းခန့်
သုံးစွဲနေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏
ထုတ်ပြန်ချက်များအရ သိရသည်။
“ပြည်သူတွေ
မိုဘိုင်းလ်ဖုန်းများများသုံးရင် GDP တက်မယ်။ တိုင်းပြည်ရဲ့ စီးပွားရေးပမာဏ
ပိုကြီးလာမယ်။ ဒီလိုအားသာချက်တွေ ရှိနေတာတောင်မှ ဆက်သွယ်ရေးက မဖြစ်စလောက်
အတိုင်းအတာလေးကို လစဉ်ခွဲချပေးနေတယ်။ လူဦးရေ သန်းခြောက်ဆယ်လောက်ရှိတဲ့
နိုင်ငံမှာ ခြောက်သန်းလောက်သုံးတာ များတယ်လို့ မဆိုနိုင်ဘူး” ဟု
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အငြိမ်းစားတစ်ဦးဖြစ်သူ ဦးသန်းဦးက ဆိုသည်။
လူဦးရေ
သန်း ၆၀ ခန့် ရှိသော မြန်မာနိုင်ငံတွင်၂၀၁၆ ခုနှစ်တွင် လူဦးရေ
စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မိုဘိုင်းလ်ဖုန်း
သုံးစွဲမှုနှုန်း မြင့်မားလာစေရန် လုပ်ဆောင်နေပြီး ပြည်ပဆက်သွယ်
ရေးကုမ္ပဏီနှစ်ခုနှင့် ပြည်တွင်းမှ ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုတို့က လာမည့် ၂၀၁၄
ခုနှစ်မှ စတင်၍ မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ပေးအပ်မည်
ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းထံမှ သိရသည်။

ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ
ယင်းကုမ္ပဏီလေးခုက ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း
အလုံးရေ သုံးဆယ့်ကိုးသန်းငါးသိန်း ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး
၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင်
၁၅ ဒသမ ၅ သန်း တပ်ဆင် ပေးရမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ
သိရသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ
ရာနှုန်းပြည့်နီးပါး ရှိသော်လည်း အချို့ကတစ်ဦးတည်း ဖုန်းတစ်လုံးထက်
ပိုသုံးသည့်အတွက် လူတိုင်း မိုဘိုင်းလ်ဖုန်း သုံးသည်ဟု
မပြောနိုင်သေးကြောင်း ဦးသန်းဦးက ပြောဆိုသည်။
0 comments:
Post a Comment