အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဟောပြောခဲ့သည့် နိုဝင်ဘာလ
၁၈ရက်နေ့-နေပြည်တော်တွင် ကျင်းပခဲ့သည့် “ဖွဲ့စည်းပုံအခြေခံဥပဒေ
၂၀၀၈ ပြင်ဆင်ေ၇း တိုင်းလုံးကျွတ် ဆန္ဒခံယူပွဲ ” သို့ NLD ပါတီဝင်
နှစ်သောင်းခန့် တက်ရောက်ခဲ့ပြီး တက်ရောက်ခဲ့သူများအနက် ၈၈ ရာခိုင်နှုန်းက
ပြင်ဆင်ရန် ဆန္ဒပြုခဲ့ကြောင်း သိရသည်။
ယင်းဆန္ဒခံယူပွဲတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်သူ သုံးသောင်းခန့် တက်ရောက်ခဲ့ပြီး အခြေခံဥပဒေပြင်ဆင်ရန် ၈၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြောင်း၊ အသစ်ရေးဆွဲရန် ၈ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီး ကြားနေသူ ၄ ရာခိုင်နှုန်း ရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားကြောင်း The Voice Daily တွင် ဖော်ပြထားသည်။
သို့သော် ယနေ့ထုတ် Daily Eleven တွင်မူ လူထုသဘောထား ရယူပွဲသို့ NLD ပါတီဝင်များ၊ ထောက်ခံသူများ၊ ဒေသခံများ စုစုပေါင်း နှစ်သောင်းခန့်သာ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ နေ့စဉ်ထုတ် သတင်းစာ(၂)စောင် တွင် ဖော်ပြထားချက်များအရ တက်ရောက်ခဲ့သည့် ပါတီဝင်အရေအတွက်နှင့်ပတ်သက်၍ ပြည်သူများအကြား မရှင်းမလင်း ဖြစ်နေကြောင်း သိရှိရသည်။
ကိုယ်တိုင်တက်ရောက်ခဲ့သူ တစ်ဦးက "ကျွန်တော်က စဥ့်ကူးက လာခဲ့တာပါ။ ကျွန်တော်တို့ စဥ့်ကူးတစ်ဖွဲ့တည်းတင် လူ သုံးထောင်လောက်ရှိတယ်။ မန္တလေးက ဆင်းလာတာကိုက သောင်းဂဏန်း ရှိမယ် ထင်တယ်။ ကျွန်တော်တို့က စနေ၊ တနင်္ဂနွေကတည်းက ကြိုပြီး ဆင်းလာတာ။ နေပြည်တော်မှာ ကျွန်တော်တို့ ပါတီဝင်တွေ အင်အား ပြဖို့လည်း ပါတီလူကြီးတွေက နှိုးဆော်တယ်လေ။ အားရစရာကြီး၊ ပြီးတော့ ပျှော်စရာလည်း ကောင်းပါတယ်။" ဟု ပြောကြားသည်။
NLD ပါတီ၏ မန္တလေးတိုင်းတာဝန်ခံ ခေါင်းဆောင်တစ်ဦးက "ကျွန်တော်တို့ ဒီအခမ်းအနားကို စစ်ကြောင်းကြီးပေါင်း သုံးဆယ် ဖြစ်အောင် လုပ်ခဲ့တာပါ။ မူကတုန်းကတော့ သန်းနဲ့ချီပြီး တက်ရောက်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့်လည်း ခရီးကဝေးပြီး မော်တော်ယာဉ်နဲ့ နေစရိတ်၊ စားစရိတ်တွေ ရှိသေးတော့ ပြည်သူတွေထဲက လိုက်မယ့်သူ နည်းသွားတာပါ။ အဓိက လာရောက်ခဲ့တဲ့သူတွေကတော့ ကျွန်တော်တို့ NLD ပါတီအမာခံတွေပါပဲ။ ပါတီဥက္ကဌကိုယ်တိုင် တက်ရောက်မယ့် ပွဲမှာ ကျွန်တော်တို့ အင်အားပြဖို့ လုပ်ခဲ့တာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကျေနပ်တယ်။ အားရတယ်ပေါ့ဗျာ။" ဟု ပြောကြားသည်။
ယင်းပါတီခေါင်းဆောင်အား ဆက်လက်မေးမြန်းရန် ပြင်ဆင်နေစဉ် အခြားပါတီဝင်တစ်ဦးက လက်တို့၍ ခေါ်ဆောင်သွားသဖြင့် အသေးစိတ် မသိရှိရပေ။
နေပြည်တော် လက်ပံခါးတွင် ကျင်းပပြုလုပ်ခဲ့သော အခမ်းအနားသို့ တက်ရောက်ခဲ့သော စစ်ကြောင်းကြီး ၃၀ မှာ အောက်ပါအတိုင်း ဖြစ်ပြီး NLD ပါတီ၏ ရန်ပုံငွေမှ စရိတ်များ ကျခံခဲ့ကြောင်း သိရှိရသည်။
(၁) မိုးကုတ်စစ်ကြောင်း။
(၂) စဥ့်ကူးစစ်ကြောင်း။
(၃) ပင်ဦးလွင်စစ်ကြောင်း။
(၄) မတ္တရာစစ်ကြောင်း။
(၅) အောင်မြေသာဇံစစ်ကြောင်း။
(၆) ချမ်းအေးသာဇံစစ်ကြောင်း။
(၇) မဟာအောင်မြေစစ်ကြောင်း။
(၈) ချမ်းမြသာစည်စစ်ကြောင်း။
(၉) ပြည်ကြီးတံခွန်စစ်ကြောင်း။
(၁၀) အမရပူရစစ်ကြောင်း။
(၁၁) ဇေယျာရွှေမြေစစ်ကြောင်း(စစ်ကိုင်း)။
(၁၂) ပုလိပ်-စဥ့်ကိုင် စစ်ကြောင်း။
(၁၃) -ကျောက်ဆည်စစ်ကြောင်း။
(၁၄) မြစ်သားစစ်ကြောင်း။
(၁၅) အောင်သာစည်စစ်ကြောင်း။
(၁၆) ယင်းမာပင်စစ်ကြောင်း။
(၁၇) မလှိုင်စစ်ကြောင်း။
(၁၈) မိထ္ထီလာစစ်ကြောင်း။
(၁၉) မြင်းခြံစစ်ကြောင်း။
(၂၀) တောင်သာစစ်ကြောင်း။
(၂၁)-နွားထိုးကြီးစစ်ကြောင်း။
(၂၂) သဲတော-၀မ်းတွင်းစစ်ကြောင်း။
(၂၃) ကျောက်ပန်းတောင်းစစ်ကြောင်း။
(၂၄) စကားဝါမြေစစ်ကြောင်း(ပုပ္ပါး)။
(၂၅) အနော်ရထာစစ်ကြောင်း(ပုဂံ)။
(၂၆) ပျူစောထီးစစ်ကြောင်း(ညောင်ဦး)။
(၂၇) ငဇွန်စစ်ကြောင်း
(၂၈) ပျော်ဘွယ်စစ်ကြောင်း။
(၂၉) သပိတ်ကျင်းစစ်ကြောင်း။
(၃၀) နေပြည်တော်စစ်ကြောင်း။
NLD ပါတီအနေဖြင့် လူအင်အား မနည်းစေရန် အနယ်နယ်အရပ်ရပ်မှ NLD ပါတီဝင်များကို စုစည်းတက်ရောက်စေခြင်းသည် ပြည်သူလူထုအပေါ် မရိုးသားရာ ရောက်ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
"ကျွန်တော်တို့ NLD ရဲ့ အနေအထားကို နားလည်ပါတယ်။ စာလည်း စာနာပါတယ်။ ဒါပေမယ့် လူထုကို နားလှည့်ပါးရိုက်တော့ မလုပ်သင့်ဘူး လို့ ထင်တယ်။ နေပြည်တော်မှာ လုပ်တဲ့ပွဲ နေပြည်တော်က ပြည်သူတွေပဲ တက်ပါစေပေါ့။ ဘာဖြစ်လို့ ဒေသပေါင်း ၃သ လောက်က ပါတီဝင်တွေ ခေါ်ပြီး ဒီလို လှည့်စားမှာလဲ။ သူတို့လည်း လူအင်အား များအောင် ကြံဖန် လုပ်လိုက်တယ် ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တောင် သိပါ့မလား ဆိုတာကို ကျွန်တော်တော့ သံသယရှိတယ် " ဟု ၄င်းက ပြောကြားသည်။
NLD ပါတီဝင်များအား စစ်ကြောင်းကြီး ၃၀ ပြည့်အောင် ဤသို့ ပြုလုပ်ခဲ့ခြင်းမှာ အခြေခံဥပဒေပြင်ဆင်ရေးကို ခိုင်မာစေရန် လုပ်ဆောင်ခြင်း ဖြစ်သည် ဟု ဆိုနိုင်သော်လည်း ရိုးသားမှန်ကန်မှု မရှိခြင်း ကြောင့် အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

0 comments:
Post a Comment