Saturday, April 12, 2014

ရန်ကုန်- မန္တလေး အမြန် လမ်းမပေါ်တွင် ယာဉ်နှစ်စီး တိုက်၍ မီးလောင်မှု ဖြစ်ပွား (နောက်ဆက်တွဲ သတင်း)

Saturday, April 12, 2014

ဖြူး၊ ဧပြီ ၁၂

ဧပြီလ ၁၂ရက် နံနက် ၀၂း၁၀ အချိန်ခန့်က ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး ဖြူးမြို့နယ် မိုင်တိုင် ၁၁၆မိုင် ၂/၃ ကြား မြောက်မှ တောင်သို့ မောင်းနှင်လာသော ဆူပါဆလွန်း အဖြူရောင် ယာဉ်အား ယာဉ်ကြောတူ နောက်မှ မောင်းနှင်လာသော တောင်ပြာတန်း ခရီးသည်တင် မှန်လုံ အမြန်ယာဉ်မှ ၀င်ရောက်တိုက်မိရာ ယာဉ်နှစ်စီးလုံး ဆီတိုင်ကီမှ မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ၁၁၅ မိုင် အမြန်လမ်း ရဲတပ်ဖွဲ့နှင့်အတူ ဗောဓိကုန်းရဲစခန်း၊ မြို့ချောင်းရဲစခန်းတို့မှ ရောက်ရှိခဲ့ပြီး တောင်ပြာတန်း ယာဉ်ပေါ်ပါ ခရီးသည် (၁၆)ဦးအား မော်တော်ယာဉ်ဖြင့် ၁၁၅မိုင် အမြန်လမ်း ရဲစခန်းသို့ ကယ်ဆယ် ပို့ဆောင်ခဲ့ကြောင်း၊ ယာဉ်တိုက် မီးလောင်မှုကြောင့် ယာဉ်နှစ်စီးလုံး မီးလောင် ကျွမ်းခဲ့ပြီး တောင်ပြာတန်း ယာဉ်ပေါ်ပါ ကျား/မ ခွဲခြား မရသည့် ခရီးသည် (၆)ဦးနှင့် ဆလွန်း ကားလေးပေါ်မှ ကျား/မ ခွဲခြားမရသည့် ခရီးသည် (၆)ဦး မီးလောင်ကျွမ်း သေဆုံးခဲ့ကြောင်း သိရသည်။

တောင်ပြာတန်း ယာဉ်ပေါ်မှ ဦးအောင်မင်းသိန်း (၄၀)နှစ်၊ ဇနီး မသန်းသန်းဝင်း (၃၈)နှစ်၊ (၂-ခ) ရေကျော်လမ်း၊ အင်းစိန်နေသူနှင့် ကိုသက်လှိုင်ထွန်း (၂၄)နှစ်၊ အမတ (၃၅၇) တောင်ကြီး၊ မခင်စန်းဝေ (၃၆)နှစ်၊ (၂၀၈)၊ အာသောကလမ်း၊ (၃)ရပ်ကွက်၊ လှိုင်မြို့နယ်နေသူ ခရီးသည် (၄)ဦး မီးလောင်ကျွမ်း ထိခိုက် ဒဏ်ရာများ ရရှိ၍ ဖြူး ပြည်သူ့ ဆေးရုံသို့ တင်ပို့ ထားရှိကြောင်း၊ တောင်ပြာတန်း အမြန်ယာဉ်ပေါ်တွင် ခရီးသည် (၄၄)ဦး လိုက်ပါ စီးနင်းလာကြောင်း၊ ရဟန်း (၁)ပါးနှင့် ခရီးသည် (၈)ဦးခန့်မှာ အခင်း ဖြစ်နေရာမှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ မိမိ အစီအစဉ်ဖြင့် ခရီး ဆက်လက် ထွက်ခွာ သွားသည်ဟု ကျန်ရှိ ခရီးသည်များမှ ဆိုကြောင်း သိရသည်။

တောင်ပြာတန်း ယာဉ်မောင်း၏ အမည် ဦးအောင်ဇေယျ၊ ယာဉ်နောက်လိုက် ဦးမင်းမင်းလတ်နှင့် မော်တော်ယာဉ်မယ် မသူဇာတို့ဖြစ်ကြောင်း သိရပြီး အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင် သွားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar


ယာဉ်နှစ်စီးတိုက်၍ မီးလောင်မှု (နောက်ဆက်တွဲသတင်း)
××××××××××××××××××××××××××××××××××××
ဖြူး ဧပြီ ၁၂

ဧပြီလ ၁၂ရက် နံနက် ၀၂း၁၀ အချိန်ခန့်က ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ဖြူးမြို့နယ် မိုင်တိုင် ၁၁၆ မိုင် ၂/ ၃ ကြား မြောက်မှ တောင်သို့ မောင်းနှင် လာသော ဆူပါဆလွန်း အဖြူရောင် ၉ အေ - ၉၃၀၂ နှင့် ယာဉ်ကြောတူ နောက်မှ မောင်းနှင်လာသော တောင်ပြာတန်း တောင်ကြီး - ရန်ကုန် ခရီးသည်တင် မှန်လုံ အမြန်ယာဉ် ၅ဃ- ၈၂၅၆ ယာဉ်မှ ကျော်တက်ခဲ့ရာမှ ဆူပါ ဆလွန်းယာဉ်နှင့် ချိတ်မိပြီး ယာဉ်ငယ်၏ ဓာတ်ဆီ တိုင်ကီမှ ပေါက်ကွဲပြီး ကားနှစ်စီးလုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ယာဉ် မီးလောင်မှုကြောင့် မှန်လုံ အမြန်ယာဉ်မှ ခရီးသည် (၆)ဦးနှင့် ဆူပါဆလွန်း ကားပေါ်ပါ ခရီးသည် (၆)ဦးတို့ မီးလောင်ရာ နေရာတွင် သေဆုံးခဲ့သည်။ ဒဏ်ရာ ရရှိသည့် ခရီးသည် (၅)ဦးအား ဖြူးဆေးရုံသို့ တင်ပို့ခဲ့သည်။ ဒဏ်ရာ ရရှိသူ (၅)ဦးအနက် (၄)ဦးမှာ မစိုးရိမ်ရ အခြေအနေဖြင့် ရန်ကုန်သို့ လည်းကောင်း၊ (၁)ဦးမှာ အနည်းငယ် စိုးရိမ်ရ အခြေအနေဖြင့် တောင်ငူ ဆေးရုံသို့ လည်းကောင်း ဆေးကုသမှု ခံယူရန် ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။

အခင်းဖြစ်ရာ နေရာသို့ ၁၁၅မိုင် အမြန်လမ်း ရဲတပ်ဖွဲ့နှင့်အတူ ဗောဓိကုန်း ရဲစခန်း၊ မြို့ကျောင်း ရဲစခန်းတို့မှ ရောက်ရှိလာခဲ့ပြီး လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးလျှက်ရှိသည်။

မီးလောင် သေဆုံး သွားသော ခရီးသည် (၁၂)ဦးအား ကျား/ မ ခွဲခြားမှု မပြုနိုင် သေးကြောင်းနှင့် မည်သူမည်ဝါ ဖြစ်သည်ကို တာဝန် ရှိသူများက စုံစမ်းဆဲ ဖြစ်ကြောင်း သိရှိရသည်။

MOI Webportal Myanmar









သတင်း - ဓါတ်ပုံ - Kyaw Soe Naing

0 comments:

Post a Comment

 
Twitter Bird Gadget