Sunday, April 20, 2014

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး လမ်းလျှောက်ဆန္ဒပြ တောင်းဆိုသူများကို ပုဒ်မ ၁၈ ဖြင့် သက်ဆိုင်ရာမြို့နယ် ၄၀ ကျော်၌ တရားစွဲ

 
ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေးအတွက် CPI တရုတ်ကုမ္ပဏီစီမံကိန်းနေရာအထိ လမ်းလျှောက်ဆန္ဒပြ
 တောင်းဆိုသူများကို သက်ဆိုင်ရာအာဏာပိုင်များက မြို့နယ်၄၀ ကျော်၌
ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။
မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရန် လမ်းလျှောက်ဆန္ဒပြသူများကို ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ၃၃ ခု၌ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် တရားစွဲဆိုထားပြီး မန္တလေးတိုင်းဒေသကြီးနှင့် ကျန်နယ်မြို့များတွင်လည်း ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းသို့ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုရာတွင် ဦးဆောင်သူများကိုသာ အဓိကထား၍ အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးဖို့ လမ်းလျှောက်ဆန္ဒပြတဲ့အတွက် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံထားရတာကို ကျွန်တော်တို့အနေနဲ့ လမ်းလျှောက်တာပြီးရင် အမှုရင်ဆိုင်မှာပါ။ ရင်ဆိုင်တဲ့အခါမှာလည်း ရှေ့နေမငှားပါဘူး။ ဒီအတိုင်းပဲ ရင်ဆိုင်မယ်။ ဘယ်လိုအတားအဆီးတွေပဲရှိရှိ မြစ်ဆုံစီမံကိန်းအထိ အရောက်သွားပြီး ဆန္ဒပြ တောင်းဆိုသွားမှာပါ။ ဧရာဝတီမြစ်ဆုံက စီးပွားရှာဖို့နေရာ မဟုတ်ပါဘူး” ဟု ဦးဆောင်သူ ကိုရဲထွဋ်ခေါင်က ပြောကြားသည်။

ယင်းသို့ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရန် လမ်းလျှောက်ဆန္ဒပြ တောင်းဆိုမှုကို မတ် ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားမှစ၍ လူ ၁၀၀ ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မန္တလေးမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“အဖွဲ့ဝင် ၈၀ ကျော်ကို ဧရာဝတီ မြစ်ကြောင်းအတိုင်း အထက်အောက် နှစ်ဖွဲ့ခွဲပြီးသွားဖို့ စီစဉ်ထားတယ်။ ဘာလို့လဲဆိုတော့ မြစ်ဆုံစီမံကိန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဒေသခံတွေသိအောင် အသိပေး ဟောပြောပွဲတွေ ပြုလုပ်သွားမလို့ပါ။ လူထုပါဝင်လာဖို့ မျှော်လင့်ပါတယ်။ စီမံကိန်းကိုတော့ မေ ၂၃ ရက်ရောက်မယ်လို့ ခန့်မှန်းထားတယ်” ဟု ကိုရဲထွဋ်ခေါင်က ဆက်လက်ပြောကြားသည်။

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးရန် လမ်းလျှောက်ဆန္ဒပြ တောင်းဆိုသူများက နိုင်ငံရေး အကျဉ်းသားဟောင်းအလံများ ကိုင်ဆောင်၍ “မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေး” ဟု ရေးထားသော ဆင်တူအင်္ကျီများ ၀တ်ဆင်ကာ “မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေး” ဟု ကြွေးကြော်ခဲ့ကြပြီး ဒေသခံများက လမ်းတစ်လျှောက် အားပေးကူညီမှုများ ပြုလုပ်ခဲ့ကြသည်။



0 comments:

Post a Comment

 
Twitter Bird Gadget