Tuesday, September 10, 2013

မြန်မာနိုင်ငံလမ်းများ အရည်အသွေး စစ်ဆေးရန် ADB နှင့် ဂျပန်ကူညီမည်

မြန်မာနိုင်ငံရှိလမ်းများ အရည်အသွေး စစ်ဆေးရန်နှင့် ပြုပြင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဂျပန်ရန်ပုံငွေအဖွဲ့ (JFPR) က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ပေးအပ်မည် ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

လမ်းကွန်ရက်များ၏ အခြေအနေများ သုံးသပ်ခြင်း၊ ပြုပြင်ရမည့်လမ်းများ ဦးစားပေး သတ်မှတ်ခြင်း၊ ပို့ဆောင်ရေးနှင့် ပတ်သက်သည့် အဆောက်အဦးများ အသေးစိတ် စာရင်းပြုစုခြင်းတို့ကို ဂျပန် ထောက်ပံ့ငွေဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်က လုပ်ဆောင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာရှဖွံ့ဖြိုးရေးဘဏ်က ဆောက်လုပ်ရေးဝန်ကြီးဌာနကို နည်းပညာ အထောက်အပံ့ပေးကာ ကုန်းလမ်းနှင့်ဆိုင်သည့် အခြေခံအဆောက်အဦးများဖြစ်သော တံတားများ၊ လူသွားစင်္ကြံများ၊ ရေနုတ်မြောင်း ဖွဲ့စည်းမှုများကို အသေးစိတ်စာရင်း ပြုစုမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုများသည် အစိုးရဘတ်ဂျက်ကို အဓိကသုံးစွဲခဲ့ပြီး ယခုအချိန်ထိ ပို့ဆောင်ရေးအတွက် ပြုပြင်ထိန်းသိမ်းမှု နည်းပါးမှုကြောင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှု နှောင့်နှေးခဲ့ရသည်ဟု ADB က ဆိုသည်။

0 comments:

Post a Comment

 
Twitter Bird Gadget