Monday, September 16, 2013

တပ်မတော်သားတစ်ဦး အရက်မူးပြီး အရပ်သားအိမ်ကိုသေနတ်ဖြင့်ပစ်



ထားဝယ်မြို့၊ သပြေချောင်းကျေးရွာ၌ စက်တင်ဘာ၁၂ရက် ညပိုင်းတွင် အရက်မူးနေသော တပ်မတော်သားတစ်ဦးက အရပ်သားနေအိမ်ကို  သေနတ်ဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

စက်တင်ဘာ ၁၂ရက် ည ဆယ်နာရီကျော်တွင် မိမိတို့နေ အိမ်နှင့်တွဲ၍ဖွင့်ထားသော ဈေးဆိုင်ကို အဆိုပါတပ်မတော်သားက ဖွင့်ခိုင်းခဲ့ပြီး တံခါးဖွင့်မပေးသဖြင့် သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ကြောင်း၊ ထိုအချိန်တွင် အိမ်အတွင်း၌ မိန်းမသားနှစ်ဦးသာရှိပြီး အဆိုပါတပ်မတော်သား ထွက်ခွာသွားပြီးနောက်ပိုင်း နာရီဝက်ခန့်ကြာမြင့်မှ သက်ဆိုင်ရာတာဝန်ရှိသူများ ရောက်ရှိလာကာ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သေနတ်ဖြင့်အပစ်ခံရသည့် နေအိမ်ပိုင်ရှင်အမျိုးသမီးကပြောသည်။
““အရက်မူးပြီး သေနတ်နဲ့ပစ်တာ။ လူတွေတော့ ဘာမှဖြစ်မသွားဘူး။ အခုတပ်ထိန်းက ထိန်းသိမ်းထားတယ်””ဟု ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သပြေချောင်းကျေးရွာသည် ထားဝယ်မြို့ရှိ တပ်နယ်မြေများနှင့် အနီးဆုံး ဆက်စပ်လျက်ရှိပြီး ယခုပစ်ခတ်မှုကျူးလွန်သူမှာ မိုင်းရှင်းတပ်သားတစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထားဝယ်မြို့နယ်ရဲစခန်းအား ဆက်သွယ်မေးမြန်းရာတွင် အခင်းဖြစ်ပွားသည်ကို အတိအကျမသိရှိသေးဟု တာဝန်ကျရဲအရာရှိကဖြေကြားခဲ့သည်။ သြဂုတ်လ နှောင်းပိုင်းကလည်း ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် တပ်မတော်တပ်ထိန်းတစ်ဦးက စာရင်းစစ်တစ်ဦးကို   သေနတ်ဖြင့်ပစ်ခတ်ခဲ့မှုတစ်ခုဖြစ်ပွားခဲ့သည်။

0 comments:

Post a Comment

 
Twitter Bird Gadget