Wednesday, September 11, 2013

ရှေးဟောင်းအဆောက်အအုံများ ကမ္ပည်းတပ်ဆင်ခြင်း ယခုလကုန်စမည်


ရန်ကုန်မြို့တော် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများတွင် မှတ်တမ်းတင် ကမ္ပည်းပြားများ ရေးထိုးတပ်ဆင်မည့် အစီအစဉ်ကို အစောဆုံး ယခုလကုန်ပိုင်းမှ စတင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ရန်ကုန် မြို့ပြအမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါအစီအစဉ်ကို ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း ကုမ္ပဏီ Philips တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်တစ်မြို့လုံးရှိ ရှေးဟောင်းအဆောက်အအုံ ၂၀၀ နီးပါးတွင် အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ကျော် အကုန်အကျခံ တပ်ဆင်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။
"ရက်ကတော့ အတိအကျ ပြောလို့ မရသေးဘူး။ နောက်လထဲ ရောက်သွားမှာပေါ့" ဟု ၄င်းကပြောဆိုသည်။

မူလအစီအစဉ်အရ ယခုစက်တင်ဘာလ အတွင်း စတင်တပ်ဆင်မှုများ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်းမှ လေ့လာ စာရင်းပြုစုထားသော ရှေးဟောင်း အဆောက်အအုံ ၂၀၀ နီးပါးတွင် ၂ နှစ်အတွင်း အပြီးသတ် တပ်ဆင်မည်ဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အဆိုပါ အဖွဲ့အစည်းနှစ်ခုက ပူးတွဲ ထုတ်ပြန်ကြေညာ ခဲ့သည်။

ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်းကို ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ များကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ကမ္ပည်းပြားတွင် သက်ဆိုင်ရာ ရှေးဟောင်းအဆောက်အအုံ၏ သမိုင်းအကျဉ်းချုပ်များ ရေးထိုးထားမည် ဖြစ်သည်။

0 comments:

Post a Comment

 
Twitter Bird Gadget