Thursday, September 12, 2013

မြန်မာနိုင်ငံက လှေစီးရိုဟင်ဂျာ ၂ဝဝ ကျော် ထိုင်းတောင်ပိုင်းကို ရောက်ရှိ


မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ မလေးရှားနိုင်ငံမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ဆိုပြီး စက်လှေနဲ့ ထွက်လာကြတဲ့ ရိုဟင်ဂျာလူမျိုး ၂၁၉ ယောက်ကို စက်တင်ဘာ ၁၁ ရက်နေ့ မနေ့က မနက် ၁၁ နာရီခန့်က ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ စတွန်းခရိုင်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဒီရိုဟင်ဂျာလူမျိုးတွေဟာ စတွန်းခရိုင် ထုန့်ဝမြို့နယ်အတွင်းက ပင်လယ်ကမ်းခြေရွာတစ်ရွာဖြစ်တဲ့ ဟတ်ဒ်လားဝိုင်ကျေးရွာကို ရောက်လာချိန်မှာ ဒေသခံပြည်သူတွေရဲ့ အကြောင်းကြားမှုကြောင့် နယ်မြေခံစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်တပ်အရာရှိတစ်ဦးက RFA ကို ထိုင်းဘာသာနဲ့ အခုလို ပြောဆိုပါတယ်။

“ဟုတ်ပါတယ်၊ ရိုဟင်ဂျာလူမျိုး ၂၁၉ ယောက် လှေတွေနဲ့ ဝင်လာကြတာပါ။ သူတို့ဟာ စက်လှေသုံးစီးနဲ့ အတူတူခရီးထွက်လာကြတာ ပင်လယ်ပြင်မှာ လေပြင်းကြောင့် လှေတစ်စီးနဲ့တစ်စီးကွဲသွားကြပြီး ရှေ့ခရီးဆက်လို့မရတော့ဘဲ ထုန့်ဝမြို့နယ်၊ ခွန်ခလမ်းကျေးရွာအုပ်စု၊ ဟတ်လားဝိုင်းရွာကို လှေတစ်စီးရောက်လာတာဖြစ်တယ်၊ အခုတော့ တာဝန်ရှိတဲ့လုံခြုံရေးတပ်ဖွဲ့တွေက အဲ့ဒီရိုဟင်ဂျာတွေကို လက်ခံထားပြီး အစိုးရတာဝန်ရှိသူတွေက ကြည့်ရှုစောင့်ရှောက်ပေးနေပါတယ်၊ သူတို့ကို ပြန်ပို့မှာပါ “

ဒီရိုဟင်ဂျာလူမျိုးတွေဟာ အသက် ၁၄ နှစ်ကနေ အသက် ၂၅ နှစ်ခန့် အရွယ်တွေဖြစ်ကြပြီး ကျန်းမာရေးချို့တဲ့ပြီး နာမကျန်ဖြစ်နေသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် ဘယ်အရပ်ဒေသကလာကြတယ်ဆိုတာ အတိအကျမသိရပေမဲ့ သူတို့အလုပ်သွားလုပ်ချင်တဲ့ မလေးရှားနိုင်ငံကို သွားရောက်လုပ်ကိုင်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေက ပင်လယ်ပြင်အထိ ဆက်ပို့ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget