
ရန်ကုန်၊ စက်တင်ဘာ ၁၄
ဗြိတိန်၊ ထိုင်း၊ ဟောင်ကောင်တို့မှ အထည်ချုပ်လုပ်ငန်း သုံးခုကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန်တွင် လက်ခစား (CMP) စနစ်ဖြင့် ဆောင်ရွက်လုပ်ကိုင်ရန် စက်တင်ဘာလ ၁၁ ရက်နေ့က လုပ်ငန်းလုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ထံမှ သိရှိရသည်။
ထိုင်းနှင့်မြန်မာ ဖက်စပ်နိုင်ငံခြား ရင်နှီးမြှုပ်နှံမှုဖြင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်မည့် Sun Apparel Myanmar Co.,Ltd. သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အတွင်းရှိ လှိုင်သာယာ စက်မှုဇုန် (၅) တွင် လက်ခစားစနစ်(CMP) ဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်သည်။
ထို့အပြင် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်မည့် ဗြိတိန်နိုင်ငံမှ S Young Co., Ltd. နှင့် ဟောင်ကောင်မှ Hydrodynamic Industrial (Myanmar) Co., Ltd. တို့က လည်း လှိုင်သာယာမြို့နယ် အတွင်းရှိ ရွှေလင်ပန်း စက်မှုဇုန်တွင် လက်ခစားစနစ် (CMP) ဖြင့် အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ရန် MIC က ခွင့်ပြုပေးခဲ့သည်။
လက်ခစားစနစ် (CMP) ဖြင့် ဝင်ရောက် ရင်းနှီးမြှုပ်နှံကြသော စက်ရုံအလုပ်ရုံများသည် လုပ်သား လိုအပ်ချက် မြင့်မားသောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲမွဲတေမှု လျှော့ချရာတွင် အထောက်အကူ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က သုံးသပ်သည်။
“CMP လုပ်ငန်းတွေက လုပ်သားများများ သုံးရတော့ လုပ်သားပမာဏများတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အတိုင်းအတာ တစ်ခုအထိ အဆင်ပြေစေတယ်။ ဒါပေမဲ့ ဒါဟာဖွံ့ဖြိုးတိုးတက်မှုအတွက် တကယ့် အဖြေတော့ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ၂၀၁၃ ခုနှစ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည့် အထည်ချုပ်လုပ်ငန်း ၃၁ ခုကို လုပ်ကိုင်ခွင့်ပြုခဲ့သည်။






0 comments:
Post a Comment