Saturday, October 12, 2013

၂၀၁၅ ရွေးကောက်ပွဲ စောစောကျင်းပမည်


မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် အရေးကြီးသည်ဟု နိုင်ငံရေး လေ့လာသူများက သတိပေးထား သည့် ၂၀၁၅ ရွေးကောက်ပွဲကို တတ်နိုင်သမျှ စောစော ကျင်းပ မည် ဖြစ်ကြောင်း ပြည်ထောင် စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်း အဝေး ခန်းမ၌ ပြုလုပ်သော ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် နိုင်ငံရေး ပါတီများနှင့် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင် တို့ တွေ့ဆုံသည့် အခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်သက်တမ်း ငါးနှစ်မှာ ၂၀၁၆ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြည့်မည် ဖြစ်ကြောင်း၊ လွှတ်တော်သက်တမ်း ငါးနှစ် မပြည့်မီ ဒုတိယအကြိမ် လွှတ်တော် ကျင်းပပေးရမည်ဟု နားလည်ထားကြောင်း၊ ယင်းကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို တတ်နိုင်သမျှ စောစော ကျင်းပပေးမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ကျွန်တော့်အနေနဲ့ တတ်နိုင်သမျှ စောစောဖြစ်နိုင်အောင် ဘယ်နေ့ ကျင်းပမယ်ဆိုတာ ကြေညာပေးပါ့မယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ စောစီးစွာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ၂၀၁၄ ခုနှစ်တွင် ပြည်နယ်နှင့် တိုင်းအသီးသီး ၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးရေး လုပ်ငန်းစဉ်များ စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ နိုင်ငံရေး ပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တို့ တွေ့ဆုံသည့် အခမ်းအနားတွင် ရွေးကောက်ပွဲ တရားမျှတမှု ရှိရေး၊ ပါတီများ မဲဆွယ် စည်းရုံးရေး ကိစ္စများနှင့် အချိုးကျ ကိုယ်စားပြုစနစ် PR ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ပြီး တပ်မတော်အစိုးရ တာဝန်ရှိသူ အများစုဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ်အများစု အနိုင်ရရှိခဲ့သည်။

0 comments:

Post a Comment

 
Twitter Bird Gadget