
ရန်ကုန်၊ အောက်တိုဘာ ၁၃
ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး ရန်ကုန်ဘက်မှ မင်္ဂလာဒုံဘက်သို့ သွားသည့်ဘက်ခြမ်း ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်တွင် ၁၃.၁၀.၂၀၁၃ရက်နေ့ ၀၀၁၅ အချိန်ခန့် က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှု ကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ခရီးသည်နားနေဆောင် ယာဘက်ကပ်လျက်မြေကြီးမှာ အနက်(၃)လက်မခန့်နှင့် အကျယ်(၁)ပေပတ်လည်ခန့်ရှိ ချိုင့်ခွက် ဖြစ်သွားပါတယ်။ ခရီးသည်နား နေဆောင်အတွင်းရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ်လည်း (၁၀)ပေခန့် ပျက်စီးသွားပြီး ခရီးသည်နားနေဆောင်ထိုင်ခုံယာဘက်အစွန်း (၆)လက်မခန့်ပဲ့သွား ခဲ့တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားသည့် ပတ်ဝန်းကျင်အား မိုင်းရှင်းလင်းမှုပြုလုပ်စဉ် ၀၁၅၅အချိန် စော်ဘွား ကြီးကုန်းကားမှတ်တိုင်ရှိ Natural Clay ဂျပန်အုတ်ကြွပ် အမိုးကြော်ငြာဆိုင်းဘုတ် ၀ဲဘက်ရှိ စည်ပင်
အမှိုက်ပုံးအနီးတွင် ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသည့် အလျား (၄)လက်မ၊ အနံ (၂)လက်မ၊ ထု (၁)လက်မရှိ C-4ယမ်း၊ ဒီတိုနေတာ၊ နိုးစက်နာရီ၊ ၀ါယာကြိုးများတပ်ဆင်လျက် လက်လုပ်မိုင်း (၁)လုံးအား ထပ်မံတွေ့ရှိသဖြင့် မိုင်းရှင်းအဖွဲ့မှ ရှင်းလင်းခဲ့ပါတယ်။
အဆိုပါလက်လုပ်မိုင်းဖေါက်ခွဲသူအား အင်းစိန်မြို့မရဲစခန်း (ပ)၁၀၉၀/၂၀၁၃၊ ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃အရ အမှုဖွင့်ပြီး စုံစမ်းဖေါ်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရသိရပါတယ်။






0 comments:
Post a Comment