မြစ်ကြီးနားမြို့တွင်ပြုလုပ်မည့်
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်
တက်ရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။
အစိုးရအဖွဲ့အနေဖြင့်ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်ကြားသော်လည်းကချင်လွတ်မြောက်ရေးဘက်မှ ဖိတ်ကြားခြင်းမရှိဟု အစိုးရအဖွဲ့ သတင်းရင်းမြစ် ကဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်ထားသော KIA ဆက်ဆံရေးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ထိုကိစ္စကို မသိရှိကြောင်း အဆိုပါ ဆက်ဆံရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကပြန်လည်ဖြေကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် အဖွဲ့ဝင် မဟုတ်သည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ခြင်းဖြစ်မည်ဟုလည်း နီးစပ်သူများက ခန့်မှန်း ပြော ဆိုနေကြသည်။ သို့ရာတွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ကိုယ်စားလှယ်တစ်ဦး တက်ရောက် မည်ဖြစ်သည်။
အောက်တိုဘာ ၇ ရက်တွင် မြစ်ကြီးနားမြို့၌ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေး မှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား တက်ရောက် မည်ဖြစ်ပြီး မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် မြန်မာ ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများ တက်ရောက် မည်ဖြစ်သည်။
ဆွေးနွေးပွဲမတိုင်မီ သွားရောက်မည့် နိုင်ငံတော်သမ္မတ ခရီးစဉ်မှာ ရာသီဥတုအခြေ အနေကြောင့် အောက်တိုဘာ ၅ ရက်က ဖျက်သိမ်းခဲ့သည်။

0 comments:
Post a Comment