
လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရန် ရောက်ရှိနေသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို အုပ်စုဖွဲ့ နှောင့်ယှက် ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု ဥရောပသမဂ္ဂ အကြီးတန်း အရာရှိတစ...်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်၏ အခြေအနေများကို လေ့လာရန် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့သည့် ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးနှင့် အကာအကွယ် ပေးရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး Carl Sorensen က ခရီးစဉ်အပြီး နိုဝင်ဘာလ ၂၅ က ထုတ်ပြန်သော ကြေညာချက်တွင် ယင်းသို့ ပြောကြားထားခြင်း ဖြစ်သည်။
“ဟုတ်ပါတယ်။ ကျွန်တော်တို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ သွားရောက် ထောက်ပံ့တဲ့ အခါတွေမှာလည်း လုံခြုံရေးအရ အခက်အခဲတွေ အများကြီး ကြုံတွေ့ရပါတယ်” ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ ပဋိပက္ခဒဏ်သင့် ပြည်သူများအတွက် စားနပ်ရိက္ခာ အပါအဝင် အခြားသော အထောက်အပံ့ ပစ္စည်းများ ပေးအပ်ရန် ရောက်ရှိနေသည့် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းကြီးများ၏ အထောက်အပံ့ပေးရေး ဝန်ထမ်းများကို နှောင့်ယှက်မှုများ ကြုံတွေ့ရကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများရှိ ထောင်ပေါင်းများစွာသော ဒုက္ခသည်များအတွက် အစားအစာနှင့် အရေးပေါ် အထောက်အပံ့များကို ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများက အချိန်မီ အထောက်အပံ့ ပေးနိုင်ရန် အတွက် အစိုးရ အရာရှိများက လုံခြုံရေး တိုးမြှင့်ပေးရန် လိုအပ်ကြောင်း Carl Sorensen က တိုက်တွန်း ပြောကြားထားသည်။
ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားသော အကူအညီပေးနေသည့် ဝန်ထမ်းများကို နှောင့်ယှက်သူ၊ ခြိမ်းခြောက်သူ၊ အန္တရာယ်ပြုသူများကို လျင်မြန် ပြတ်သားစွာ အရေးယူရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာချက် တစ်စောင်ကို နိုဝင်ဘာလ ၁၄ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။
သို့သော် နိုင်ငံတကာ အဖွဲ့အစည်း များကို ဒေသခံ တိုင်းရင်းသားများက နှောင့်ယှက်ခြင်း မရှိဘဲ နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် အကူအညီပေးရာတွင် နိုင်ငံတကာမှ ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာရန် လိုအပ်ပြီး ဒေသခံ တိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းကို သေချာ နားလည်ရန် လိုအပ်ကြောင်း ရခိုင် အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က တုံ့ပြန် ပြောကြားသည်။
လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဆက်တိုက် ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်တွင်း အခြေအနေ များကို လေ့လာရန်အတွက် ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးနှင့် အကာအကွယ်ပေးရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး Carl Sorensen က ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၉ ရက်နေ့မှ ၂၁ အထိ သွားရောက် လေ့လာခဲ့သည်။
မစ္စတာ Carl Sorensen ၏ ခရီးစဉ် အပြီးတွင် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များကို စားနပ်ရိက္ခာ ထောက်ပံ့ရန် အတွက် အမေရိကန်ဒေါ်လာ သုံးသန်း ထပ်မံ ထောက်ပံ့မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ ကော်မရှင်က ကြေညာခဲ့သည်။
0 comments:
Post a Comment