
ပဲခူးတိုင်းဒေသကြီး နတ္တလင်း-ဒမငယ်ကျောက်ချောလမ်းကို လုပ်ကိုင်ခွင့်
ရရှိထားသည့် ရွှေလွင်လွင် ကုမ္ပဏီကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်
ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ဥပဒေလုပ်ထုံး၊ လုပ်နည်းနှင့်အညီ
အရေးယူရန် အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော်
ကိုယ်စားလှယ်များက ပြောကြားသည်။
နိုဝင်ဘာလ ၆ ရက်နေ့တွင် ကျင်းပသော
အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ကော်မတီဝင်
ဦးသိန်းဝင်းက တင်သွင်းထားသော အဆိုပါ လမ်းပိုင်းနှင့် ပတ်သက်၍ ပြည်ထောင်စု
အစိုးရက အရေးယူ ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုနှင့် ပတ်သက်ပြီး
အမျိုးသားလွှတ်တော်က ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအဆိုကို
ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဦးသိန်းဝင်းက အောက်တိုဘာလ ၂၆ ရက်နေ့တွင်
တင်သွင်းထားခြင်း ဖြစ်ပြီး ရွှေလွင်လွင် ကုမ္ပဏီကို ယင်းလမ်းပိုင်း
ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်ပြီး လွှတ်တော်သို့ လာရောက် ရှင်းလင်းရန်
ဆုံးဖြတ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယင်းနေ့တွင်
ပြောကြားသည်။
အဆိုပါ ကုမ္ပဏီသည်ကို ပြည်နယ်အစိုးရက
သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် အကြိမ်ကြိမ်
ညွန်ကြားထားသော်လည်း လိုက်နာခြင်း မရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ငွေက ဆိုသည်။
၂၀၁၂-၁၃
ဘဏ္ဍာနှစ်တွင် နတ္တလင်း-ဒမငယ်လမ်းအရှည် ခုနစ်မိုင်ကို ကျပ်သန်း ၄၂၃ ဒသမ ၄၃
သန်း ဖြင့် အစိုးရအဖွဲ့၏ တင်ဒါဖြင့် အဆိုပါ ကုမ္ပဏီက လုပ်ကိုင်ခွင့်
ရရှိခဲ့ခြင်း ဖြစ်သည်။
ရွှေလွင်လွင် ကုမ္ပဏီသည် ကျေးလက်လမ်းတံတား
လုပ်ငန်းများအတွက် ကျပ်သန်း ၁၁၅၇ သန်း ထုတ်ယူထားသော်လည်း အောက်တိုဘာ ၁၅
ရက်နေ့အထိ လုပ်ငန်းပြီးစီးမှု တန်ဖိုးကျပ် ၁၀၁၃ ဒသမ ၉၆၅ သန်းသာ
ရှိသေးကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး
ဝန်ကြီးဌာနထံမှ သိရှိရသည်။
ထို့ပြင် တင်ဒါဖြင့် စတင်လုပ်ကိုင်ခွင့်
ပြုထားသော အချိန်တွင် အာမခံစပေါ်ငွေ ၁၁၄ ဒသမ ၁၃ သန်းကိုလည်း စာချုပ်ပါ
စည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက
ပြောကြားသည်။
0 comments:
Post a Comment