မကြာခင်မှာ
ကျင်းပတော့မှာဖြစ်တဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် မီဒီယာတွေနဲ့
ပရိသတ်တွေ တစ်ပေး ခန့်မှန်းနေကြသူ ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်များ
အကြားမှာ သရုပ်ဆောင် နဝရတ်လည်း တဦးအပါအဝင် ဖြစ်နေပါတယ်။ သူဟာ ဒီနှစ်အတွက်
ဆန်ခါတင် ရုပ်ရှင်ဇာတ်ကား ၂ ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး
“တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင်ကားကတော့ သူ့ကိုယ်ပိုင် “ငွေလမင်း”
ထုတ်လုပ်ရေးကနေ ထုတ်လုပ်ထားတာပါ။ ဒီကားကိုသူက အကယ်ဒမီအတွက်
မျှော်လင့်ချက်ထားပြီး ရိုက်ကူး ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။ ဒီလို
အနေအထားမှာပဲ မကြာခင်က Facebook စာမျက်နှာတခုမှာ ပျံ့နှံ့ခဲ့တဲ့
အနုပညာရှင်များနဲ့ မူးယစ်ဆေးဝါးဆက်စပ်မှု စစ်ချက်ဟောင်း တခုဟာ သူ့ရဲ့
အကယ်ဒမီ အိပ်မက်ကို သက်ရောက်မှု ရှိနိုင်မရှိနိုင်၊ သူ့သဘောထား
ထင်မြင်ချက်နဲ့တကွ၊ မြန်မာ့ရုပ်ရှင်လောကရဲ့ လက်ရှိ အခြေအနေ တချို့အကြောင်း
သရုပ်ဆောင် နဝရတ်ကို ဧရာဝတီအယ်ဒီအဖွဲ့က တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
မေး။
။ နဝရတ်ကိုယ်တိုင် ထုတ်လုပ်ထားတဲ့ “တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ” ရုပ်ရှင်ကားက
အကယ်ဒမီစာရင်းဝင်တဲ့ အပြင် ကိုယ်တိုင်လည်း အကယ်ဒမီအတွက် မျှော်လင့်ချက်
ထားနေတဲ့ ဒီလိုအချိန်မှာ တလောက မိုးဇေငြိမ်း ဆိုသူရဲ့ facebook မှာ
ပျံ့နှံ့ခဲ့တဲ့ သတင်းတွေကြောင့် စိုးရိမ်မှုတွေရှိလား။ အဲဒါတွေက
အကယ်ဒမီအပေါ်မှာ ထိခိုက်မှု ဖြစ်လာမယ်လို့ ထင်သလား။
ဖြေ။
။ မိုးဇေငြိမ်းကို ဘာလုပ်မယ် ညာလုပ်မယ်တော့ ကြားနေတာပဲ။ ဒါတွေက ကျမနဲ့
မစိုးကြီး (စိုးမြတ်သူဇာ) ကို တမင် လုပ်တယ်လို့ သူများတွေက ပြောကြတယ်။
အကယ်ဒမီ တစ်ပြေးနေတဲ့ နှစ်ယောက် ဖြစ်နေတော့လေ။ ဒီ နှစ်ယောက် စလုံးကိုသာ
အကြောင်းတခုခုရှိလို့ ဒီလိုလုပ်တယ်လို့ ထင်တယ်။ အကျိုးရှိမှ အကြောင်းဆိုတာ
ပေါ်လာတာလေ။ တယောက်ယောက် ကနေ တစုံတခုကြောင့် လုပ်လိုက်တာလား၊ ဒါမှမဟုတ်
သူ့ဟာသူ တိုက်ဆိုင်သွားတာ များလား။ အကယ်ဒမီတွေ ဘာတွေမသိဘဲ သူ့ဖာသာသူ
တိုက်ဆိုင် သွားတာလား စဉ်းစားစရာပဲ။
မေး။ ။ အဲဒီအထဲမှာပါတဲ့ အဖြစ်အပျက်တွေက ကြာပြီဆိုပေမယ့် အချက်တွေက တော်တော်လေးကို ပွင့်ပွင့်လင်းလင်း ရေးထားတာ တွေ့ရတယ်။
ဖြေ။
။ ဒါတွေက မမြင်နိုင်တဲ့ ဟာတွေလေ။ ဥပမာ ကိုယ့်အရုပ် ထွက်လာရင်တမျိုးပေါ့။
ကိုယ် ဘာလုပ်နေတယ်ဆိုတာ ရုပ်ကြီးနဲ့ပေါ်လာရင် တမျိုးပေါ့။ အခုက သူ့ဟာသူ
ရေးချင်တာရေးထားတာ။
မေး။ ။ ဒီအဖြစ်အပျက်တွေ မဟုတ်ဘူးလို့ နဝရတ်အနေနဲ့ ငြင်းချင်ပါသလား။
ဖြေ။
။ သူကိုယ်တိုင်က အဲဒီလိုမျိုး ဆိုတော့ အကျုံးမ၀င်ဘူး။ ကျမက
ခေါင်းထဲမှာလည်း မရှိဘူး။ သေချာလည်း မဖတ် ဖြစ်ဘူး။ မိုးဇေငြိမ်းဆိုတာ
သူငယ်ချင်းတွေ ပြောလို့ ကြားဖူးနေလို့။ သူကိုလည်း မသိဘူး။ အခုလည်း
ပျောက်သွားပါပြီ။ မရေးတော့ဘူး ထင်တယ်။
ကျမကတော့ facebook မသုံးဘူး။ facebook ကို ဂရုလည်းမစိုက်ဘူး။ facebook ကို ဂရုစိုက်ရင် မလေးရှားကား ဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။ ပြေတီဦးဆိုလည်း facebook ကိုကြောက်လို့ မလေးရှားမှာ သွားရိုက်မယ့် ကားကို မရိုက်တော့ဘဲ ရှောင်လိုက်တာ။ ကျမကတော့ အဲဒီလိုမျိုးမရှိဘူး။ ကိုယ် ဘာလုပ်တယ်ဆိုတဲ့ အပေါ်မှာ မူတည်တယ်။
ကျမကတော့ facebook မသုံးဘူး။ facebook ကို ဂရုလည်းမစိုက်ဘူး။ facebook ကို ဂရုစိုက်ရင် မလေးရှားကား ဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။ ပြေတီဦးဆိုလည်း facebook ကိုကြောက်လို့ မလေးရှားမှာ သွားရိုက်မယ့် ကားကို မရိုက်တော့ဘဲ ရှောင်လိုက်တာ။ ကျမကတော့ အဲဒီလိုမျိုးမရှိဘူး။ ကိုယ် ဘာလုပ်တယ်ဆိုတဲ့ အပေါ်မှာ မူတည်တယ်။
မေး။
။ ဒါက စိုးမြတ်သူဇာရယ်၊ န၀ရတ်ရယ် နှစ်ယောက်ကိုတင် မဟုတ်ဘဲနဲ့
ကျန်တဲ့လူတွေပါ ပါနေတာ တွေ့ရတယ်။ သူရဲ့အဓိက ရည်ရွယ်ချက်က အနုပညာ သမားတွေကို
ထိခိုက်စေလိုလို့ဆိုတာထက်၊ အရင်တုန်းက အုပ်ချုပ်ရေး ပိုင်းတွေမှာ
လျော့ရဲခဲ့တယ်ဆိုတဲ့ အချက်ကို အဓိကညွှန်ပြချင်တာပါလို့ ဆိုပါတယ်။
ဖြေ။
။ အဲဒီလို လုပ်ချင်ရင်တော့ တခြား မူးယစ်မှုတွေက အများကြီးပဲ။ အမှုပေါင်း
ရာနဲ့ချီတယ်လေ။ ဒီဟာက အကယ်ဒမီ နီးလို့ ဂယက်ရိုက်တယ် ဆိုတော့
ပေါ်ပြူလာဖြစ်သွားတာပေါ့။ တကယ်လို့ အကယ်ဒမီပြီးမှ ရေးမယ် ဆိုရင်တော့ တမျိုး
စဉ်းစားရမှာပေါ့။ အခုက သူလုပ်တာက တမျိုး၊ ဖြစ်သွားတာက အကယ်ဒမီစာရင်း
ဝင်နေတဲ့ နှစ်ယောက်စလုံးကို သက်သက် ချောက်တွန်းတာ၊ တယောက်ယောက်က
လုပ်ကြံတာလို့ ထင်နေကြတာ။ အကယ်ဒမီနီးလို့ တမင်သက်သက် မနာလိုတဲ့ သူတွေက
လုပ်ကြတယ်လို့ ဖြစ်သွားတာ။
မေး။ ။ ဒီလိုကိစ္စတွေ ဖြစ်လာတော့ အကယ်ဒမီအပေါ် ဒီဂယက်က ရိုက်ခတ်လာမယ်လို့ ထင်သလား။
ဖြေ။
။ မထင်မိဘူး။ အကယ်ဒမီဘုတ်အဖွဲ့ ဆိုတာကလည်း ကိုယ့်အနုပညာကို ကြည့်ရမှာလေ။
ဒီ facebook က ဟာတွေကိုသာ လိုက်ပြောနေမယ်ဆိုရင် ဟိုတနေ့တုန်းက
ဒေါ်အောင်ဆန်းစုကြည်ရယ်၊ မစိုးကြီးရယ်၊ ကျမရယ်ကို ဗိုလ်ချုပ်
သမီးသုံးယောက်ဆိုပြီး တတန်းတည်း တက်လာတာရှိတယ်တဲ့။ ကိုယ်ကတော့
ဘာမှမဖြစ်ပါဘူး။ အဲဒီလိုတက်လာတာ မကောင်းဘူးလေ။ facebook မှာ ရေးတဲ့ဟာတွေကို
ကျမက ယုံလည်းမယုံဘူး။ လက်လည်းမခံဘူး။ သူ့ဟာသူ ပေါ်ပြူလာ ဖြစ်ချင်လို့
ရေးတယ်လို့ပဲ သတ်မှတ်ရမှာပေါ့နော်။ သူ့ကိုပဲ သွားမေးရမှာပဲ။ ဘာကြောင့်
ဘယ်ကနေ ဒီဟာတွေ ရလာတာလဲ။ ဒီဟာတွေရပြီး ဘာလုပ်တာလဲ။ ရည်ရွယ်ချက်ဘာလဲ။
အခွေထွက်လို့ မျက်မြင်သက်သေဆိုရင် သေချာတယ်။ အခုဟာက ဘာမှ သက်သေလည်း
အခိုင်အမာမရှိဘူး၊ သူရေးချင်တာ ရေးထားတာလေ။ အစီအစဉ်လည်း မကျဘူး၊
ရေးထားတာတွေက အမေးနဲ့ အဖြေဆိုတာ ရှိရမှာလေ။ အမေးတွေတခုမှ မရှိဘဲနဲ့
ရေးထားတဲ့ အတွက် ဘာမှကို စိတ်ထဲ မရှိတာ။
မေး။ ။ သူရေးထားတဲ့ အချက်အလက်တွေအပေါ် န၀ရတ် ငြင်းချင်တဲ့ အချက်အလက်တွေရှိသလား။
ဖြေ။ ။ ဘာမှလည်း မဖတ်တဲ့အတွက်၊ ဘာမှလည်း ခေါင်းထဲမှာမရှိတဲ့ အတွက်ကြောင့် ဘာမှမပြောချင်ဘူး။
မေး။
။ န၀ရတ်ဆိုရင် ကာရိုက်တာ ဆန်းဆန်းလေးတွေကို ရိုက်တဲ့သူအဖြစ် သုံးသပ်မိတယ်။
တကယ်တမ်း ဇာတ်ကား တကားကို ရွေးချယ်မယ်ဆိုရင် ကာရိုက်တာ ထူးခြားမှု၊
ဒါရိုက်တာအပေါ် ယုံကြည်မှု၊ ကိုယ့်ရဲ့ဇာတ်မှာ လုပ်ပိုင်ခွင့်ပေါ့၊
အဲဒီအချက်တွေ ထဲကမှ ဘယ်ဟာကို ဦးစားပေးပြီး ရွေးချယ်ဖြစ်သလဲ။
ဖြေ။
။ ကျမက ဇာတ်လမ်းတခုရှိရင် ဘယ်သူရိုက်မှာလဲ အရင်ကြည့်တယ်။ ပြောရရင် ဒီ
ဒါရိုက်တာက ကိုယ့်လောက်မှ လုပ်သက်မရှိဘဲနဲ့ ကိုယ့်ကိုပြန်ပြီး အားကိုးတဲ့
ဒါရိုက်တာမျိုးရှိတယ်။ တချို့ဆိုရင် ဇာတ်ညွှန်းတွေက ကိုယ့်ဘာသာကိုယ်
ပြောလိုက်ရတာ။ သူတို့ရေးတာက အဆင်မပြေဘူး။ လူလိုမပြောဘူး၊ သဘာဝမကျဘူးပေါ့။
ဒါမျိုးဆိုရင် ကျမက ရိုက်ကွင်းပေါ်မှာ ပြန်ပြင်တာ။ ကျမက ဇာတ်ကို
အရမ်းလေးစားတယ်။ ပြီးတော့ ကိုယ်လုပ်သမျှ ဘာလုပ်လုပ် သဘောတွေကျပြီးတော့
ဘာမှဝင်မစွက်ဖက်တဲ့ ဒါရိုက်တာမျိုးတွေ ဆိုရင်လည်း ကျမ မကြိုက်ဘူး။ ကျမအတွက်
ဒီထက် ပိုပြီး ကောင်းအောင် သင်ပေးတဲ့ ဒါရိုက်တာမျိုးဆိုရင် ပိုသဘောကျတယ်။
မေး။
။ မြန်မာ့ရုပ်ရှင်လောကမှာ မင်းသမီးဈေးကွက်မရှိဘူးလို့ ထွန်းအိန္ဒြာဗိုက
ပြောခဲ့တယ်။ ဒီလို အခြေအနေမှာ မင်းသမီးတလက် အနေနဲ့ အဲဒီလို ကြေး (ဂျီး)
များခွင့် ရှိပါသလား။
ဖြေ။
။ အဲဒါကြောင့် ကျမ မရိုက်တော့တာ။ နာဂစ်မဖြစ်ခင်တုန်းက ဈေးကွက်ရှိတယ်။
အဲဒီနောက်ပိုင်း ဂျီးများခွင့် မရှိဘူး။ မင်းသမီး ဈေးကွက်မရှိဘူး။
မင်းသားနဲ့ အဆင်ပြေတဲ့သူဆိုရင် ရိုက်ရတယ်ဆိုတော့ ကျမလုပ်ချင်တဲ့ ဇာတ်ကို
ရွေးရမှာ ဘောင်ကျဉ်း သွားတယ်။ အဲဒါကြောင့် ကိုယ်တိုင် ကုမ္ပဏီထောင်ပြီး
ကိုယ်ရိုက်ချင်တဲ့ ဇာတ်ကားတွေ ရိုက်ဖြစ်သွားတာပါ။ အစကတော့ ဒီလောကထဲက
လုံးဝကို ထွက်လိုက်ချင်တာ။ နောက်ပိုင်း ကိုယ့်ပရိသတ် အတွက် ကိုယ်လုပ်ချင်တာ
လုပ်ခွင့် ရတဲ့ ဇာတ်တွေကို လုပ်ချင်သေးတယ်။ အခွင့်အရေးလည်း ရှိသေးတယ်။
အခွင့်အရေး မရှိတော့ရင်လည်း တမျိုးပေါ့။ ပရိသတ် ကလည်း
ကိုယ့်ကိုစိတ်ဝင်စားတယ်၊ ကိုယ့်မှာလည်း လုပ်နိုင်တဲ့ အရည်အချင်းကလည်း
ရှိတယ်။ “တိမ်မင်းသမီး” ရိုက်ဖို့ နှစ်နှစ်လောက် စဉ်းစားသေးတယ်။ ကျမက
မင်းသားတွေကိုလည်း မဖားတတ်ဘူး။ ဈေးတွေကိုလည်း မင်းသမီးဆီက တ၀က်ဈေးဖြတ်
သေးတယ်လေ။ ကိုယ့် တန်ရာတန်ကြေး မရတဲ့အပြင်၊ အ၀တ်အစား၊ မိတ်ကပ်တွေ
ပြင်ဆင်ရတော့ လုံးဝ မကိုက်ဘူးလေ။ ပြောရရင် ဈေးကွက်ပျက်တယ် ဆိုရင်
မင်းသားကို တ၀က်လျှော့ခိုင်းလေ။
မေး။
။ မြန်မာပြည်မှာ မင်းသားဈေးကွက် ဖြစ်နေပြီး မင်းသားတွေခေါ်တဲ့
မင်းသမီးကိုသာ ရိုက်ခိုင်းတာဆိုတဲ့ အဖြစ်အပေါ်မှာရော န၀ရတ်အနေနဲ့
ဘယ်လိုသုံးသပ်ချင်သလဲ။
ဖြေ။
။ မင်းသားနဲ့ ရိုက်တဲ့သူတွေက မင်းသားကို မလွန်ဆန်နိုင်ဘူး။ ထုတ်လုပ်သူ
ကိုယ်တိုင်ကိုက မင်းသားကို မလွန်ဆန် နိုင်ဘူး ဖြစ်နေတာ။ ပရိုဂျူဆာက
မင်းသားနောက် လိုက်တယ်ဆိုတော့ ပိုက်ဆံနောက် လိုက်တဲ့ သူတွေ ဖြစ်နေတာပေါ့။
အဲဒီလို လူမျိုးတွေကလည်း အနုပညာသမား မဟုတ်ဘူး။ ဒါရိုက်တာ ကိုယ်တိုင်ကလည်း
ငွေရေးကြေးရေး ပြဿနာကြောင့် မလွန်ဆန်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီလိုတွေ
ဖြစ်နေတော့ ဒီအနုပညာလုပ်တဲ့သူ တော်တော်များများ ကလည်း ချမ်းသာတာ ဆိုလို့
မင်းသားနဲ့ မင်းသမီးရယ် ပရိုဂျူဆာရယ်ပဲ ရှိတယ်။ ကျန်တဲ့သူတွေအကုန်လုံးက
မင်းသားကို ကပ်မှ ရိုက်ရမယ် ဖြစ်နေတယ်။
မေး။ ။ ရုပ်ရှင်လောက တခုလုံးကို မင်းသားတွေ ချုပ်ကိုင်နိုင်နေတာ ဘာကြောင့်လို့ ထင်သလဲ။
ဖြေ။
။ ဘာကြောင့်လို့ ထင်သလဲဆိုတော့ မတိုးတက်လို့လေ။ ရုပ်ရှင် လောကက ဈေးကွက်က
ကျဉ်းကျဉ်းလေး။ အပြင်လည်း မဖောက်ထွက်နိုင် ဘူးလေ။ ကမ္ဘာကိုသွားချင်တယ်
ဆိုရင် ပိုက်ဆံတွေ အကုန်အကျ တော်တော် ခံနိုင်ရမယ်။ မြန်မာပြည်မှာက
စီးပွားရေး ပရိုဂျူဆာတွေဆိုရင် လက်ချိုးရေလို့ ရတယ်။ ၃၆ လမ်း တလမ်းလုံးကို
လျှောက်လိုက်ရင် ပြည့်သွားပြီ။ နိုင်ငံခြားက ရင်နှီးမြှုပ်နှံမှု
လာလုပ်မှာကျတော့လည်း အရင်တုန်းက ပေးမလုပ်ဘူး။ သူများတွေက လာလုပ်
ချင်တယ်ဆိုရင် ကျမတို့ အနေနဲ့ ပူးပေါင်းမှရမှာ။ မြန်မာပြည် အနေနဲ့က
စက်ပိုင်းဆိုင်ရာ မတိုးတက်ဘူး။ ဘာမှလည်း အမြင်မရှိဘူး။ ဟိုမှာက ကျောင်းတွေ
သင်တန်းတွေ အကုန်လုံး တက်ရတာ။ စက်ပိုင်း ဆိုင်ရာတွေကအစ နည်းပညာနဲ့ သေချာ
သင်ထားပြီးသား။ ဒီမှာက မင်းသားကိုဖားရင် ဒါရိုက်တာဖြစ်တယ်။
အဲဒီလိုဖြစ်နေတဲ့ အချိန်မှာထလုပ်တဲ့ ဒါရိုက်တာတွေဆို
နာမည်တောင်မကြားဖူးဘူး။ ဟိုမှာက သင်တန်းတွေနဲ့ တကယ်ကို ပရော်ဖက်ရှင်နယ်
သွားတာ။ အဲဒါကြောင့် ဟိုကကားတွေနဲ့ အရည်အချင်း ကွာတာပေါ့။ ကျမတို့ကို
လာပြီး အဲဒီလို လူမျိုးတွေက ဆရာလုပ်တော့ ကိုယ့်ကို စီးတဲ့သူက ဘာလဲဆိုတာ
သိတယ်လေ။ ဘာခိုင်းလိုက်တယ် ဆိုတာကို သိနေတယ်။
မေး။
။ န၀ရတ်ကို ဦးကျော်ဟိန်းက တင်တဲ့မင်းသမီးလို့ သိခဲ့ရပေမယ့် အဲဒီလို
ဖြစ်လာဖို့ န၀ရတ်အနေနဲ့ ကျော်ဟိန်းကို လက်ကမ်းပြီး အနုပညာလောကထဲ
ဝင်လိုက်တာလား။ ကျော်ဟိန်းက လက်ကမ်းပြီး ခေါ်ခဲ့တာလား။
ဖြေ။
။ ကျမက ရုပ်ရှင်စရိုက်မယ် ဆိုတော့ ကျမအမေက ဘယ်မင်းသားနဲ့ စရိုက်မလဲ
မေးတယ်။ ကျမက ဒီလောကကို ကြည့်လိုက်တဲ့ အခါမှာ ဒွေး၊ ကျော်ဟိန်း ရှိမယ်။
ဒွေးနဲ့ သွားရိုက်မယ်ဆိုရင် ကျမက ဒွေးတင်တဲ့ မင်းသမီးပေါ့။ အဲဒီ
အချိန်တုန်း ကလည်း ဒွေးက စွံတယ်လေ။ အဲဒီလိုတွေ အပြောခံရမှာ။ တခုတော့
ရှိတယ်။ ဦးကျော်ဟိန်းကျတော့ လုံးဝရှင်းတယ်လေ။ အဲဒီအချိန်မှာ သူက
ဘုရားတရားတွေလည်း လုပ်နေပြီ။ ပြီးတော့ သူရဲ့ပညာက ပိုပြီးရင့်ကျက်တယ်။
ဒွေးကိုတောင် သူက တင်လာတာလေ။ ဒါရိုက်တာ အနေနဲ့ကလည်း သူကိုယ်တိုင်
ရိုက်တယ်ဆိုတော့ ဦးကျော်ဟိန်းနဲ့က အသင့်တော်ဆုံးပဲ ဆိုပြီး လိုက်ရှာ
ဖြစ်သွားတယ်။ ကျော်ဟိန်းဆီသွားပြီး သမီး ရုပ်ရှင်ရိုက်ချင်တယ် သွားပြောတော့
သူကမေးတယ်၊ ဘာလို့ ရိုက်ချင်တာလဲတဲ့။ အိမ်က ရိုက်ခိုင်းလို့လို့
ပြောလိုက်တယ်။ သူက ၀ါသနာပါလားလို့ မေးပြီး ကျမကို ထိုင်ဗျူးတယ်။
ကျမအကြောင်းတွေ ပြောပြီး မျက်ရည် ပေါက်ပေါက်ကျအောင် လုပ်တာ။ ကျော်ဟိန်းကို
ကျမတို့ကိုယ်တိုင် ရိုက်ချင်တယ်လို့ သွားကပ်ပြီး ပြောတာပေါ့။ ကျော်ဟိန်းက
သူတင်တဲ့ မင်းသမီး အရည်အချင်း ဘယ်လောက် ရှိသလဲပေါ့၊ ပြီးတော့ န၀ရတ်ဆိုတဲ့
နာမည်ကိုလည်း သူက ကြိုက်သွားတယ်။ ကျမက မျိုးရိုးကလည်း ရှိတော့ သူက
စမ်းရိုက် ကြည့်မယ်ပေါ့။ သုံးကားစမ်းရိုက်တော့ သူ့ခြံထဲမှာ ကင်မရာစမ်းတယ်။
သူလုပ်ခိုင်းတဲ့ အိုက်တင်တွေ လုပ်ပေါ့။ ကျမက ဘာမှ မလုပ်တတ်တော့ မိန်းမ
ကျော်ဟိန်းကြီးကို ဖြစ်လို့။
မေး။
။ ရိုက်ကွင်းတွေမှာဆိုရင် န၀ရတ်တို့ မင်းသမီးဖြစ်ကာစကတော့
ကျော်ဟိန်းတင်တဲ့ မင်းသမီးလည်း ဖြစ်တယ်၊အခုချိန်မှာ တန်းတခုရှိနေတဲ့
မင်းသမီးလည်း ဖြစ်တယ် ဆိုတော့ ပြဿနာ မရှိလောက်ပေမယ့်၊ တခြားမင်းသမီးတွေ၊
ဇာတ်ပို့ ဇာတ်ရံ အမျိုးသမီးလေးတွေကို အမျိုးသားတွေက ထိကပါးရိကပါး
ပြောတာတို့၊ ကိုယ်ထိလက်ရောက် စော်ကားတာတို့ မြင်ဘူးလား။
ဖြေ။
။ ကိုယ်ကတော့ မကြုံဖူးဘူး။ အဲဒီလို ဖြစ်တာကလည်း ကိုယ်နေ၏တဲ့ အပေါ်
မူတည်တာပဲ။ ဇာတ်ပို့ဇာတ်ရံ တချို့က ပေါ့ပေါ့ပါးပါး နေတယ်၊ အသစ်တွေလည်း
အဲဒီလိုပဲ။ ကိုယ်နေတက်ထိုင်တက်တဲ့ အပေါ်မူတည်တယ်။ကိုယ်က လုပ်လို့ ရရင်တော့
ဘယ်သူမဆို လုပ်မှာပဲ။ မင်းသမီး အသစ်ဆိုရင် ကိုယ်က ဘာဖြစ်ချင်တာလဲ၊ ဇာတ်ကား
ရိုက်ချင်တယ် ဆိုရင်တော့ မင်းသားနဲ့ သွားရောပေါ့။ ကျမကတော့ အဲဒီလိုမျိုး
မဖြစ်နိုင်တဲ့အတွက်ကို ကိုယ်တိုင် ထုတ်ရိုက်ခဲ့တာ။ တချို့ဆို လွဲမှားပြီး
ဝင်လာခဲ့တဲ့ သူတွေအများကြီး။ လွဲမှားပြီး ဆိုတာက သရုပ်ဆောင်ကို ၀ါသနာပါလို့
မဟုတ်ဘူး၊ အဲဒါက ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကြောင့်
ကလေးမလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပျက်စီး နေရတာ။ နာမည်ကျော်ချင်တာနဲ့
ပိုက်ဆံကို တဘက်တလမ်းက ရှာချင်ကြတယ်။ နာမည်ကျော်ဖို့ ဂျာနယ်တွေမှာ ထည့်မယ်၊
နာမည်ထွက်ရင် အပြင်မှာ ပိုပြီးတော့ လုပ်စားလို့ ကောင်းတာမျိုးတွေ ရှိတယ်။
အဲဒီလို လောကက ၀င်လာတဲ့သူတွေ အများကြီးပဲ။ အဲဒီတော့ မိတ်ကပ် လိမ်းပြီးတော့
ရှုတင်သွား၊ ဗီဒီယို တကား ဖြတ်လျှောက် ပါရင်လည်း မင်းသမီးလို့
ပြောလို့ရတာပဲ။ ဒါပေမယ့် သရုပ်ဆောင် ကောင်း တယောက်လို့ ပြောလို့မရဘူး။
မင်းသမီးနဲ့ သရုပ်ဆောင်ကောင်းနဲ့ မတူဘူး။ ပြည်သူက လက်ခံတဲ့ အနုပညာရှင်၊
အတတ်ပညာရှင် သရုပ်ဆောင်ကောင်း တယောက်ဆိုတာ လွယ်လွယ်နဲ့မရဘူး။
မေး။ ။ တခန်းနှစ်ခန်းရိုက်ရပြီး မင်းသမီးဖြစ်သွားပြီဆိုတဲ့ ခေါင်းစဉ်တပ်ဖို့က သူတို့အတွက် ဘာအကျိုးအမြတ်များ ရှိလို့လဲ။
ဖြေ။
။ တချို့ကကျတော့ နာမည်ကြီးချင်တာ။ ဇာတ်လမ်းကိုလည်း စိတ်မ၀င်စားဘူး၊
ကျမတို့ ရိုက်တာလည်း လာမကြည့်ဘူး။ ဇာတ်ကား ရိုက်တာ ပေါ်ပင်လေး
သူတို့နာမည်ကြီးရင် အပြင်မှာ စီပွားရေးအရ စပွန်ဆာရှာမယ်။ ဒါပေမယ့်
သူတို့လည်း လုပ်ချင်လို့လုပ်တာ မဟုတ်ဘူး။ စီပွားရေးအရပဲလေ။ အဲဒီလိုမျိုး
ဝင်လာတဲ့ ကောင်မလေးတွေ ဆိုရင် ဘယ်သူမှကို စစရာမလိုဘူး။ သူတို့ကသွားပြီး
မင်းသားကို ကပ်မှာပဲ။ အမျိုးသမီး တယောက်က ကိုယ့်စိတ်အပေါ် မူတည်တယ်လို့
ပြောချင်တာ။ ကိုယ့်ခံယူချက်က တကယ် သရုပ်ဆောင်တတ် ချင်တာလား၊ သရုပ်ဆောင်
တတ်ချင်တယ် ဆိုရင် ဒါရိုက်တာကောင်း တယောက်ဆီ သွားရမယ်။ သင်တန်း
သေချာတက်ရမယ်။ မင်းသားကို ကပ်တယ်ဆိုရင်တော့ တမျိုးဖြစ်သွားပြီ။
မေး။ ။ မင်းသား ဈေးကွက်ဖြစ်နေတော့ တခါတလေ ငါမင်းသမီးမဖြစ်ဘဲ၊ မင်းသား ဖြစ်လိုက်ပါတော့လား ဆိုတဲ့ စိတ်မျိုး ဖြစ်မိလား။
ဖြေ။
။ မဖြစ်ဘူး။ မင်းသားကျတော့ လုပ်ပိုင်ခွင့်မရှိဘူး။ မင်းသမီးပဲ ကြိုက်တယ်။
ဘာလို့လဲဆိုတော့ ကိုယ်က ဆံပင်တွေလည်း ပြင်ချင်တယ်၊ အလှတွေလည်း ပြင်ချင်တယ်။
မင်းသမီးက နွဲ့နွဲ့ဆိုးဆိုး ဘယ်လိုအိုက်တင်လုပ်လုပ် လုပ်လို့ ရတယ်။
ဘောပြားလည်း လုပ်တာပဲ၊ ယောက်ျားပုံစံ ကားတွေလည်း ခဏခဏ ရိုက်ဖြစ်ပါတယ်။
မင်းသားက အခြောက် လုပ်ရင် သိပ်ကြည့် မကောင်းဘူးလေ။ မင်းသမီးရဲ့ အားသာချက်က
အလှပြင်လို့ ရတယ်။ မင်းသား လုပ်ကွက်က နည်းတယ်။အင်္ကျီဆိုလည်း သူ
သိပ်ဝတ်လို့မရဘူး။ ယောက်ျားလေးက ဘာပဲဖြစ်ဖြစ် တာဝန်ယူရတယ်လေ။ ဒါကြောင့်
မိန်းကလေးပဲ ဖြစ်ချင်တယ်။
မေး။
။ အကယ်ဒမီ ဇာတ်ကား တွေထဲမှာလည်း မင်းသမီးတွေ တော်တော်များများ
ပါတယ်ဆိုတော့ တကယ်လို့ နောက်ပိုင်းမှာ မင်းသမီးတွေက ဈေးကွက်တခုလို
ဖြစ်လာနိုင်မယ်လို့ ထင်လား။
ဖြေ။
။ အဲဒါကတော့ မပြောတက်ဘူး။ ဗီဒီယိုလောကတောင် ပျက်နေတာဆိုတော့လေ။ ကျမထင်တာ
လုံးဝ မဖြစ်နိုင် တော့ဘူး။ ဗီဒီယိုလောကကြီးကို ပြန်ပြီးတော့ ကောင်းအောင်
လုပ်ဖို့မလွယ်ဘူး။ အခုဆို အင်တာနက်တွေ၊ Sky Net
တွေပဲ ရောက်နေကြတာ။ အလုပ်မရှိတဲ့သူတွေ အဲဒီမှာ ရောက်နေတာတွေ
ကြားနေရတယ်။မင်းသမီး ခေါင်းဆောင်ပြီး ဦးမော့လာဖို့ ဆိုရင်တော့
ဖြစ်မလာနိုင်တော့ဘူး။ ဦးမော့ချင်ရင်တော့ ကိုယ့်ဟာကိုယ် ပိုက်ဆံထုတ်
ရိုက်မှပဲဖြစ်မယ်။







0 comments:
Post a Comment