Monday, December 9, 2013

မေတ္တာစစ်အတွက် မဲတစ်ပြား ပေးစေချင်




၂၀၁၅ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ သတင်းစာမျက်နှာများနှင့် social network များ ပေါ်တွင်နေ့စဉ်မြင်တွေ့နေရတာတွေကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲ အပြီး သမ္မတဖြစ်ရေး၊ အာဏာရရှိရေးများအတွက်သာ ပြောဆိုနေကြတာတွေကို တွေ့နေရပါ တယ်။ ယနေ့ပြည်သူလူထု လိုအပ်နေတာကတော့ လူတန်းစေ့နေထိုင်စားသောက်နိုင်ရေး၊ ပညာ သင်နိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိရေးတို့ပဲ ဖြစ်ပါတယ်။

စိတ်မကောင်းစရာ တွေ့ရတာကတော့ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏ လိုအပ်ချက် လွှတ်တော်က ဖော်ဆောင်ရွက် ဆိုသည့် လွှတ်တော်ကြီးကလည်း သက်တမ်း(၃)နှစ် အတွင်းသို့ ၀င်လာနေပြီဖြစ်သော်လည်း ပြည်သူတွေဆင်းရဲတွင်းက လွတ်ကင်းနိုင်မည့် စီးပွားရေး အခွင့်အလမ်းများဖော်ဆောင်ဖို့ကို ယနေ့အချိန်အထိ ဆွေးနွေးနေတာမတွေ့ရသေးဘဲ ၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရရှိရေးအတွက်သာ ဦးတည်ဆောင်ရွက်နေတာ တွေ့နေရပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်များကလည်း လွှတ်တော်တွင်းစီးပွားရေးအခွင့်အလမ်းများဖော်ဆောင်ဖို့ မဆွေးနွေးဘဲ အစိုးရအဖွဲ့မှတင်ပြသည့် စီမံကိန်းများကို ကန့်သတ်တားမြစ်နေတာကိုပဲ တွေ့နေရ ပါတယ်။ အစိုးရသက်တမ်း (၃)နှစ်အတွင်း စီးပွားရေးတွေဖော်ဆောင်ပြီး ဆင်းရဲတွင်းကလွတ်စေဖို့ အာဘောင်အာရင်းသန်သန်နဲ့ပြောနေတာ သမ္မတဦးသိန်းစိန်တစ်ယောက်သာ တွေ့ရပါတယ်။

သမ္မတအနေနဲ့ကလည်း ခါချဉ်ကောင် တောင်ကြီး ဖြိုမဲ့အကြံ ခါးက မသန် ဆိုသလိုပါပဲ။ နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးရှိမဲ့စီမံကိန်းတွေကို လွှတ်တော်တင်လိုက်၊ လွှတ်တော်က တားမြစ်လိုက်နဲ့ ဦးသိန်းစိန်၏ စီမံကိန်းများလည်း လေထဲတိုက်အိမ်ဆောက် သလို ဖြစ်နေပါပြီ။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ အားကိုးအားထားပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကလည်း ပြည်ပရောက်မှပဲ အစိုးရကို ထောက်ပြတဲ့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုလည်း ၂၀၁၅ ရွေးကော်ပွဲပြီးမှသာဝင်ရောက်ရန်တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင်ပြည်တွင်း၌ရှိစဉ် အတိုက်အခံ ပါတီကြီးတစ်ခုအဖြစ် မရပ်တည်ဘဲ လွှတ်တော်ဥက္ကဌနဲ့ အစိုးရကြားတွင် လွှတ်တော်ဥက္ကဌဘက် ရပ်တည်ပြီး လက်ညှိုးထောင်၊ ခေါင်းညိတ်ပဲ လုပ်နေသည့်အတွက် ကျွန်တော်တို့ ပြည်သူတွေ ဆင်းရဲတွင်းကလွတ်ဖို့ ဘယ်သူ့ကို အားကိုးရမှန်း မသိတော့လောက်အောင်ကို ဖြစ်နေပါပြီ။

ကျွန်တော်တို့ ပြည်သူလူထု လိုအပ်နေသည်မှာ ဆင်းရဲဒုက္ခအပေါင်းက လွတ်ရေးပင် ဖြစ်ပါ သည်။ ဘယ်လိုစနစ်မျိုးနဲ့ပဲ သွားသွား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ပြင် မပြင်ပြင်၊ ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် ကျွန်တော်တို့ ပြည်သူကို ဆင်းရဲဒုက္ခအပေါင်းမှ ကယ်တင်နိုင်မည့်သူကိုသာ အလိုရှိပါသည်။ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ကျွန်တော်တို့ ဆင်းရဲသားပြည်သူများကို နားဝင်ချိုအောင် စကားလှလှပြော လှည့်စားပြီး မေတ္တာတုတွေ မပေးပါနဲ့။ မေတ္တာတုတွေပေးရင် တန်တာပဲ ပြန်ရပါလိမ့်မယ်။ လက်ရှိ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီခေါင်းဆောင်များထဲတွင် ကျွန်တော်တို့ ဆင်းရဲသားပြည်သူတွေကို ဒုက္ခတွင်းထဲမှ လွတ်မြောက်အောင် ထင်သာမြင်သာ ကြိုးပမ်းတာဆိုလျင် သမ္မတ ဦးသိန်းစိန် တစ်ယောက်သာ တွေ့ရပါတယ်။ ပြည်ပနိုင်ငံရောက်လျင် ကြွေးမြီတွေလျော့ချဖို့၊ အကူအညီတွေရဖို့ ကြိုးစားခဲ့သလို ပြည်တွင်းမှာလည်း ဆင်းရဲမွဲတေမှု ပပျောက်ဖို့ ကြိုးစားလုပ်ဆောင်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတဦးသိန်းစိန်ကို ၀င်ရောက် အရွေးခံစေချင်ကြပါသည်။ ဒါမှသာ ကျွန်တော် တို့ ပြည်သူတွေအပေါ် မေတ္တာစစ်ပေးတဲ့လူကို မဲပေးနိုင်မှာဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

0 comments:

Post a Comment

 
Twitter Bird Gadget