
ဖွဲ့စည်းပုံပြင်မယ်၊ ၂၀၁၅ မှာ ဘယ်သူ သမ္မတဖြစ်သင့်တယ်၊ ဆိုပြီးပြောဆိုနေကြသော်လည်း ဆင်းရဲတွင်း နက်နေသည့် ပြည်သူတွေရဲ့ ဘ၀တိုးတက်စေဖို့ စီးပွားရေးကို ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်၊ နိုင်ငံခြားအကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများဝင်လာအောင် ဘယ်လိုလုပ်မယ်ဆိုတာကိုတော့ လွှတ်တော်နဲ့ နိုင်ငံရေး ပါတီခေါင်းဆောင် များ ပြောဆိုတာ မတွေ့ရဘဲ သမ္မတ တစ်ဦးတည်းကသာ ဆင်းရဲမွဲတေမှု ပပျောက်ဖို့ ပြောဆိုနေတာတွေ့ရပါတယ်။
အဲဒီအရာတွေကို အောင်မြင်အောင် လုပ်နိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အရင်တည်ဆောက်ဖို့ လိုပါတယ်။ မငြိမ်းချမ်း တဲ့နိုင်ငံတစ်နိုင်ငံဟာ ဘယ်လောက်ပဲ ဒီမိုကရေစီစနစ်တွေ ကျင့်သုံးနေပါစေ ။ စီးပွားရေးအရ ဦးမော့လာစရာ အကြောင်းမရှိဘူး ဆိုတာ လက်ရှိကာလက သက်သေပြနေပါတယ်။ ဆိုလိုတာက ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်နိုင်တဲ့ နိုင်ငံမှာ ပြည်ပနိုင်ငံတွေ လာရောက်ရင်းနှီးမြှုပ်နှံ စီးပွားရှာမယ်ဆိုတာ ရာခိုင်နှုန်းနည်းပါ တယ်။ ဒီတော့ ငြိမ်းချမ်းရေးကို မရရအောင် တည်ဆောက်ချိန်တန်ပြီလို့ ပြည်သူတစ်ယောက်အနေနဲ့ မြင် ပါတယ်။
ငြိမ်းချမ်းရေးဆိုတာ ပါးစပ်ကပြောနေရုံနဲ့ မပြီးသလို လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာလည်း နှစ်ဦး နှစ်ဖက် နားလည်မှုနဲ့ ယုံကြည်မှုရှိဖို့က အရေးကြီးပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များ ဘက်မှလည်း ကိုယ်ပိုင်တပ်မတော်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ ဖက်ဒရယ်ကို အကြောင်းပြပြီး တောင်း ဆိုနေတာတွေ့ နေ ရသည့် အတွက် အစိုးရဘက်မှ မည်သို့ပင် လိုက်လျောစေကာမူ ငြိမ်းချမ်းရေး ကတော့ ယခုချိန်ထိ အကောင် အထည် မဖော်နိုင် ဖြစ်နေ သည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ ခေါင်းစဉ်ကြီး ဟာ မြစ်ကြီးနား၊ လိုင်ဇာ၊ ချင်းမိုင်၊ နေရာအနှံ့ ရောက်ခဲ့ဖူးပါပြီ။ အခုဘားအံမှာမှာလုပ်ဖို့ သဘောတူထားပြန် တယ်။ နေရာတွေ ဘယ်လို ပြောင်းပြောင်း စိတ်ဓါတ်တွေ မပြောင်းသရွေ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာဖို့ အလှမ်းဝေးနေ ဦးမှာပဲဖြစ်ပါ တယ်။
အစိုးရ MPC နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ မပြေလည်မှုလေးတွေရှိနေတာ တွေ့ရပါတယ်။ MPC က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမိမြန်မာနိုင်ငံကနေ ခွဲမထွက်ရေး နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစေတဲ့ အကြောင်းအရာတွေ မလုပ်ဆောင်ရေးဆိုတဲ့ အချက် (၂)ချက်ကို ထည့်သွင်းဆွေးနွေးခွင့်မရှိဘူးလို့ ပြောဆိုထားတာ ရှိပါတယ်။ ဒါပေမယ့် UNFC ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ် ခဲ့တဲ့ တွေ့ဆုံဆွေးနွေး ပွဲမှာ အထက်ပါ အချက်(၂)ချက်နဲ့ကွဲလွဲတဲ့ မူကြမ်းတစ်ခုကို အစိုးရ MPC ထံ တင်သွင်းခဲ့ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘော တူညီချက်များ(လိုင်ဇာသဘောတူညီချက်)ကို အခြေခံ၍ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)က ရေးသားတင်သွင်းသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(မူကြမ်း)တွင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ပတ်သက်ပြီး တောင်း ဆိုထား တာတွေ့ ရပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကို ဒီမိုကရေစီရေး ၊ တန်းတူရေးနဲ့ ကိုင်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ ရှိသော ပြည်နယ်များကို အခြေခံ၍ “စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ်”ဖြင့် တည်ဆောက်ကြရန် သဘောတူသည်ဆိုပြီး ရေးသားထား တာကို ကြည့်ခြင်းအားဖြင့် သမ္မတကြီးညွှန်ကြားထားတဲ့ အချက်(၂)ချက်နဲ့ ဆန့်ကျင်နေပြီဖြစ်ပါတယ်။
လတ်တလောကာလမှာလည်း ဦးအောင်မင်းဦးဆောင်တဲ့ MPC က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကားပါမစ်တွေ ထုတ်ပေးပြီး ငြိမ်းချမ်းရေးအတွက် စီးပွားရေးနဲ့ စည်းရုံးနေတယ် ဆိုပြီး ဝေဖန်သံတွေ လည်း ဆူညံ နေပါတယ်။ ထာဝရငြိမ်းချမ်းရေး ရချင်တယ်ဆိုရင် စီးပွားရေးနဲ့ ဖြေရှင်းလို့ မရနိုင်သလို တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး ကျင်းပဖို့ သဘောတူထားတဲ့ ဘားအံဆွေးနွေးပွဲဟာလည်း အဲဒီဂယက်ရိုက်ခတ်မှုတွေနဲ့ ကြုံတွေ့နေပါတယ်။ တဒင်္ဂငြိမ်းချမ်းရေးကို မလုပ်ဘဲ ထာဝရငြိမ်းချမ်းရေးရဖို့ အဖြေရှာတာက အကောင်းဆုံးလို့ ပြည်သူအားလုံးက လက်ခံထားပါတယ်။
အခုဆိုရင် ဒီဇင်ဘာလထဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ကရင်ပြည်နယ်ဘားအံမှာ ပြုလုပ်ဖို့ သဘောတူထားတဲ့အတွက် ပြည်သူအားလုံးက စောင့်မျှော်နေကြပြီဖြစ်ပါတယ်။ ဂစ်တာ ပဲဖြစ်ဖြစ်၊ မြန်မာ့ရိုးရာစောင်းပဲဖြစ်ဖြစ် ချိုလွင်ညိမ့်ညောင်းတဲ့ သံစဉ်ထွက်ဖို့ဆိုတာ ကြိုးအားလုံး ညှိမှဖြစ်တာပါ။ ကြိုး တစ်ချောင်းပြတ်နေ ရင် ဒါမှ မဟုတ် လျော့နေရင် အသံသေးအသံညောင်ပဲ ထွက်လာပြီး နားဝင်မချိုတော့ ပါဘူး။ ဒီလိုပါပဲ ဒီမိုကရေစီ မြန်မာနိုင်ငံကြီး ကမ္ဘာ့အလယ်မှာ မားမားမတ်မတ် ရပ်တည်နိုင်ဖို့ ငြိမ်းချမ်းရေးဆိုတဲ့ ကြိုးတစ်ချောင်းဟာလည်း ပြတ်နေတာမျိုး ဒါမှမဟုတ် လျော့နေတာမျိုး မဖြစ်သင့်တော့ဘဲ တင်းတင်းရင်းရင်း ကြိုး တစ်ချောင်းအသွင်ပြောင်းချိန်တန်ပြီ ဖြစ်ပါတယ်။
နေ၀န်းသစ်
0 comments:
Post a Comment