Tuesday, December 31, 2013

မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသမီးနှစ်ဦးဓားထိုးခံရပြီးသေဆုံး



မလေးရှားနိုင်ငံ ပီနန်းခရိုင်ရှိ ဆီဘီယန်းဂျာရာမြို့တွင် မြန်မာ အမျိုးသမီးနှစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့သည်ဟု ပီနန်းရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ခဲ့ကြောင်း မလေးရှားနိုင်ငံထုတ် စတား သတင်းစာက ယနေ့ဖော်ပြသည်။ 

သေဆုံးသူနှစ်ဦးမှာ အသက် (၂၁) နှစ်အရွယ်ရှိ ဌေးဌေးသန်း ဆိုသူနှင့် အသက်(၄၁) နှစ်အရွယ် ရှိ သန်းဟုသာအမည်သိရသေးသူ များဖြစ်ကြောင်း ပီနန်းခရိုင်မှုခင်း ဆိုင်ရာအရာရှိချုပ် မာဇလန်ကီ ဆက်ခ်ျက ပြောသည်။ 

ပီနန်းရဲ တပ်ဖွဲ့မှ ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်တွင် ဌေးဌေးသန်း သည် လည်ပင်း၌ ပြတ်ရှဒဏ်ရာ များရရှိထားကြောင်း တွေ့ရှိခဲ့ရပြီး သန်းဟုသာ သိရသေးသူမှာလည်း မျက်နှာနှင့် ခန္ဓာကိုယ်နေရာအနှံ့ အပြားတွင် ဓားဒဏ်ရာများတွေ့ရှိ ခဲ့ရကြောင်း အတည်ပြုဖော်ပြခဲ့ သည်။ 

ကနဦး စုံစမ်းစစ်ဆေးမှု များအရ အဆိုပါ အမျိုးသမီးနှစ်ဦး မှာ ဆီဘီယန်းဂျာရာမြို့ရှိ စက်ရုံ တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည် မှာနှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ လမ်း လျှောက်လာစဉ် လူသွားလူလာ ပြတ်လပ်ပြီး ချုံပုတ်များထူထပ် သောနေရာ၌ အခင်းဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်းတွေ့ရှိခဲ့သည်ဟု သိရသည်။ 

ပီနန်းရဲတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ကနဦးစုံစမ်းစစ်ဆေး မှုများပြုလုပ်ခဲ့ရာတွင်မသင်္ကာဖွယ်ရာ အခြေအနေမျိုးတွေ့ရှိခဲ့သော မြန်မာ အမျိုးသားနှစ်ဦးကို အခင်းဖြစ်စဉ် နှင့် ပတ်သက်ဖွယ်ရှိသည်ဟု ယူဆ ကာစစ်ဆေးနေကြောင်းသိရသည်။

0 comments:

Post a Comment

 
Twitter Bird Gadget