အင်ဒိုနီးရှားနိုင်ငံတွင် ခရစ္စမတ်ကာလနှင့် နှစ်သစကူးကာလ တို့၌ မွတ်ဆလင်
အကြမ်းဖက်သမားများက ခရစ်ယာန် ဘာသာရေးဝတ်ပြုသူများကို ပစ်မှတ်ထား
တိုက်ခိုက်ရန် စီစဉ်ကောင်း စီစဉ်နေဖွယ် ရှိသည်ဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့က
သတိပေး ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားရှိ အစွန်းရောက် အကြမ်းဖက်သမား များသည် ၄င်းတို့
ပစ်မှတ်ထားသော နေရာများကို ဗုံးထောင်ရန် ဦးတည် လှုပ်ရှားနေသည့် လက္ခဏာများ
တွေ့နေရ ကြောင်း အင်ဒိုနီးရှား အမျိုးသားရဲချုပ် ဆူတာမန်က ပြောကြားသည်။
"အကြမ်းဖက်သမား တွေဟာ နေရာတကာမှာ သူတို့ဆဲလ်တွေ ရှိပြီးတော့၊ တကယ်လည်း
လှုပ်ရှားနေ ကြတယ်။ ကျွန်တော်တို့ အနေနဲ့ အဲဒီ အကြမ်းဖက်သမားတွေကို လိုက်လံ
ရှာဖွေနေပါတယ်" ဟု ၄င်းက ပြောကြားသည်။
သို့သော် သံသယရှိသော အကြမ်းဖက် အဖွဲ့နှင့် ပတ်သက်၍မူ အသေးစိတ် တစ်စုံတစ်ရာ ပြောကြားခြင်း မရှိပေ။
အင်ဒိုနီးရှားတွင် ရှိသော လူနည်းစု ခရစ်ယာန် ဘာသာဝင်များမှာ လွန်ခဲ့သော
နှစ်များအတွင်း အစ္စလာမ္မစ် အစွန်းရောက် များ၏ ဖိအားပေးမှုကို
ပိုမိုခံလာရပြီး၊ မွတ်ဆလင် အစွန်းရောက်များက ခရစ်ယာန် ဘုရား
ကျောင်းများပိတ်ရန် ဖိအားပေးခြင်း၊ ခရစ်ယာန်များ ဝတ်ပြုဆုတောင်းရာ နေရာ
အပြင်ဘက်တွင် ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့သည်။
သို့သော် အင်ဒိုနီးရှားရှိ ခရစ်ယာန် လူနည်းစုအပေါ် အကြမ်းဖက်
တိုက်ခိုက်ခြင်းများ ပြုလုပ်ခြင်းကိုမူ ၂၀၁၁ ခုနှစ်က အလယ်ပိုင်း
ဂျာဗားပြည်နယ်ရှိ ဆိုလို ခရစ်ယာန်ဘုရားကျောင်းကို အသေခံဗုံးခွဲ
တိုက်ခိုက်ပြီး နောက် ထပ်မံပြုလုပ်ခြင်း မရှိတော့ကြောင်း အဆိုပါ သတင်းတွင်
ဖော်ပြထားသည်။
အင်ဒိုနီးရှားတွင် ၂၀၀၀ ပြည့်နှစ်က ဘုရားရှိခိုးကျောင်း များသို့ ခရစ္စမတ်
လက်ဆောင်အဖြစ် ပေးပို့ထား သော လက်ဆောင်ထုပ် များမှ ဗုံးပေါက်ကွဲမှုကြောင့်
ခရစ်ယာန်ဘုန်းတော်ကြီးများ အပါအဝင် လူ ၁၉ ဦး သေဆုံးခဲ့ပြီး လူများစွာ
ထိခိုက် ဒဏ်ရာရခဲ့သည်။
အင်ဒိုနီးရှား နိုင်ငံတွင် ၂၀၁၂ ခုနှစ်က အနောက်နိုင်ငံသား များကို အဓိက
ပစ်မှတ်ထား တိုက်ခိုက်ခဲ့သော ဘာလီကျွန်း ဗုံးခွဲ တိုက်ခိုက်ခံရခြင်းကြောင့်
ကမ္ဘာလှည့်ခရီးသည် အများစု ပါဝင်သော လူ ၂၀၂ ဦး သေဆုံးခဲ့ပြီးနောက်
အင်ဒိုနီးရှား အစိုးရက နိုင်ငံတွင်းရှိ အစ္စလာမ္မစ် အကြမ်းဖက်ကွန်ရက်ကို
ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။






0 comments:
Post a Comment