Saturday, January 4, 2014

နိုင်ငံသားတစ်ဦး၏ နိုင်ငံရေး ဦးဆောင်ခွင့်အပေါ် ကန့်သတ်မှုကို မလိုလားကြောင်း သမ္မတဦးသိန်းစိန် ပြောကြား

မြန်မာနိုင်ငံအတွင်း နေထိုင်သော မည်သည့် တိုင်းရင်းသားကိုမဆို နိုင်ငံရေးအရ ဦးဆောင်မှုကို ကန့်သတ်ထားခြင်းမျိုး မလိုလားကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၂ ရက်နေ့၌ ထုတ်လွှင့်သည့် ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ဆောင်ရွက်နေချိန်တွင် အခြေခံဥပဒေအရ မည်သည့် မြန်မာနိုင်ငံသား၊ တိုင်းရင်းသား တစ်ဦးဦးကိုမဆို မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့် ကန့်သတ် တားမြစ်မှုမျိုး မဖြစ်စေလိုကြောင်း၊ သို့သော် အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာ မထိပါးစေရန် ကာကွယ်ပေးမည့် အခြေခံမူများ လိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က ဆိုသည်။
“နိုင်ငံရေး ဦးဆောင်မှုနဲ့ ပတ်သက်တဲ့ ဝိရောဓိတွေကို ဖြေရှင်းရာမှာ နိုင်ငံရေး အကျပ်အတည်း တစ်ခုဆီ ဦးတည် မသွားစေဖို့၊ နိုင်ငံရေး ရွေးချယ်မှု မှန်ကန်ဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်” ဟု နိုင်ငံတော်သမ္မတက ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၃) နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် ခံရသူသည် ကိုယ်တိုင်သော် လည်းကောင်း၊ မိဘတစ်ဦးဦးသော် လည်းကောင်း၊ ဇနီးခင်ပွန်းနှင့် သားသမီး၊ သားသမီး၏ ဇနီးခင်ပွန်းတို့သည် နိုင်ငံခြားသား မဖြစ်စေရဟု ထည့်သွင်းထားသည်။

လွှတ်တော်တွင် ကိုယ်စားလှယ် အများဆုံး ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်အတွက် အတားအဆီး ဖြစ်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ပြောကြားထားသည်။

ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အကြံပြုချက်အရ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ၎င်း၏ သားနှစ်ဦးကို မြန်မာနိုင်ငံသား ပြန်လည် ခံယူစေမည် ဆိုပါက NLD ခေါင်းဆောင်အတွက် သမ္မတဖြစ်ခွင့် ကန့်သတ်ချက် ရှိတော့မည် မဟုတ်ပေ။ သို့သော် ယင်းကဲ့သို့ ပြောင်းလဲရမည့် ကိစ္စကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်သည့် အာရှအသံ သတင်းဌာနသို့ ပြောကြားထားသည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီကမူ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရန် အကြံပြုရာတွင် သားသမီးနှင့် ဆက်နွှယ်မှုကို ဖြုတ်ပယ်လိုက်ပြီး ဇနီးသို့မဟုတ် ခင်ပွန်း ဖြစ်သူသည် တိုင်းတစ်ပါး၏ သြဇာခံသူ၊ နိုင်ငံခြားသား မဖြစ်စေရဟု ဖော်ပြထားကြောင်း၊ ယင်းအတိုင်း ပြင်ဆင်ပါက ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးချယ်ခံနိုင်မည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။
“သူတို့ (ကြံ့ခိုင်ရေးပါတီ) ပြောတဲ့အတိုင်း ပြင်မယ် ဆိုရင်တော့ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ငြိလိမ့်မယ်” ဟု ၎င်းက ထောက်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦး ဖြစ်သည့် Alexander Aris နှင့် Kim Aris တို့မှာ ရှစ်လေးလုံး အရေးတော်ပုံအပြီး မြန်မာနိုင်ငံသား အဖြစ်မှ ပယ်ဖျက်ခံခဲ့ရပြီး သားကြီးဖြစ်သူ Alexander မှာ အမေရိကန် ပြည်ထောင်စုတွင် လည်းကောင်း သားငယ် Kim မှာ ဗြိတိန်နိုင်ငံ၌ လည်းကောင်း နေထိုင်လျက် ရှိသည်။

0 comments:

Post a Comment

 
Twitter Bird Gadget