Friday, January 24, 2014

ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်



 










နေပြည်တော် ဇန်နဝါရီ  ၂၄
ရခိုင်ပြည်နယ်၊ မောင်တော်မြို့နယ်၌ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်ပသတင်းဌာနများနှင့် အချို့သော နိုင်ငံတကာ အဖွဲ့အစည်းများက အတည်မပြုနိုင်သော သတင်းများကို အခြေခံချက်လွဲမှားစွာ ကောက်ချက်ချပြီး သတင်းများ ထုတ်ပြန်နေသည်ကို တွေ့ရှိရ ပါသည်။ ဤသတင်းမှားများ၊ စွပ်စွဲပြောဆို ချက်များသည် ရခိုင်ပြည်နယ်ရှိ လူ့ အသိုက် အဝန်းနှစ်ခု အကြား အထင်အမြင် လွဲမှားစေရန် ပုံကြီးချဲ့ ဖန်တီးပြောကြား လုပ်ဆောင်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယင်းသတင်းမှားများ၊ စွပ်စွဲပြောဆိုချက်များမှာ သက်ဆိုင်ရာ အစိုးရဌာနများမှ တာဝန်ရှိသူများအား စုံစမ်းမေးမြန်းခြင်း၊ အတည်ပြုချက် ရယူခြင်းများမရှိပဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဤဖြစ် စဉ်နှင့် ပတ်သက်သည့် ဖြစ်ရပ်မှန်မှာ အောက်ဖော်ပြပါ အတိုင်းဖြစ်သည်။

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်၊ ညပိုင်းတွင် အဖွဲ့ဝင် (၅) ဦးပါသည့် ရဲလှည့်ကင်းအဖွဲ့သည် ပုံမှန်လှည့် ကင်းတာဝန် ထမ်းဆောင်စဉ် မောင်တော်မြို့နယ်၊ ဒုချီးရားတန်း (အလယ်) ရွာအရောက်၌ တုတ်၊ ဓါး ကိုင်ဆောင် ထားသည့် ဘင်္ဂါလီအုပ်စုအင်အား (၁၀၀) ခန့်မှ ဝိုင်းဝန်းရန်မူ မှုကိုခံခံရသဖြင့် လူစုခွဲ ရှောင်ပေး ခဲ့သည်။ ယင်းသို့ လူစုခွဲတိမ်းရှောင်စဉ် ရဲလှည့်ကင်း အဖွဲ့ခေါင်းဆောင်မှာ လူစုကွဲ၍ ကျန်ရစ်ခဲ့ပြီး ၎င်းကိုင်ဆောင်သော လက်နက် နှင့်အတူ ယနေ့တိုင် ပျောက်ဆုံးလျက်ရှိပါသည်။ နယ်မြေခံရဲတပ်ဖွဲ့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အင်အားစု စည်းပြီး ယင်းလူစုကွဲ ပျောက်ဆုံးကျန်ရစ်ခဲ့သူအား ပြန်လည်ရှာဖွေရန် ၎င်းကျေးရွာသို့ ထပ်မံသွားရောက်ခဲ့ရာတွင် တုတ်၊ ဓါးကိုင်ဆောင်ထားသည့် ဘင်္ဂါလီ အုပ်စုအင်အား (၅၀၀) ကျော်၏ ဝိုင်းဝန်းရန်မူမှုကို ခံခဲ့ရသည်။ အကြမ်းဖက် အုပ်စုသည် အန္တရာယ်ပြုရန် ချန်းကပ်လာသည့်အတွက် မိမိဘက်မှ သေနတ် (၈) ချက်ဖောက်၍ သတိပေးခဲ့သည်။ ယင်းသို့ သတိပေး ပစ်ဖောက်ခဲ့ခြင်းကြောင့် အရပ်ဖက် ပြည်သူတစ်စုံတစ်ဦး တစ်ယောက်မျှ ထိခိုက်သေဆုံးခြင်းမရှိခဲ့ပါ။

တာဝန်ထမ်းဆောင်စဉ် ပျောက်ဆုံးခဲ့သည့် ရဲတပ်ကြပ်ကြီးအား နောက်ပိုင်းရက်များတွင် ဆက်လက်ရှာဖွေ ခဲ့သော်လည်း သွေးစွန်နေသည့် ယူနီဖောင်း၊ ခါးပတ်၊ ဖိနပ် စသည့် သဲလွန်စအချို့တို့ကိုသာ တွေ့ရှိခဲ့ပါသည်။ တာဝန် ရှိသူများအနေဖြင့် မောင်တောမြို့၌ အစိုးရတာဝန်ရှိသူများ၊ ပြည်နယ်လွှတ်တော် ကိုယ်စာလှယ်များ၊ ရပ်မိရပ်ဖများ၊ ဗလီဆရာများအားတွေ့ဆုံပြီး ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီးနှင့် ပတ်သက်သည့် သတင်းအချက် အလက်များ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခဲ့ခဲ့ပါသည်။ ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသအာဏာပိုင်များ၊ ရဲနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ UNHCR၊ OCHA ဌာနေကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့သည် ဒုချီးရားတန်းရွာမှ ရွာသူရွာသားများကို လည်းကောင်း၊ သတင်းဖော်ထုတ်ရန် စစ်ဆေးမှုကိုစိုးရိမ်၍ တိမ်းရှောင် လာသူများကိုလည်းကောင်း တွေ့ဆုံပြီး စုံစမ်းမေးမြန်းခဲ့ပါသည်။ ဖြေကြားချက်များအရ ယခင်ရက်များအတွင်း ဖြစ်စဉ်တစ်စုံတစ်ရာ မရှိခဲ့ကြောင်း တွေ့ရှိရသလို ပျောက်ဆုံးနေသူနှင့် ၎င်း၏လက်နက်အားလည်း မတွေ့ခဲ့ပါ။

လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများအား အကွက်ကျကျ ကြိုတင်စီစဉ်ဖန်တီးကာ တိုက်ခိုက်ခဲ့သည့် ဤသို့သော အကြမ်းဖက်လုပ်ရပ်သည် ပြစ်မှုထိုက်သော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်။ အကြမ်းဖက်မှု ကျူးလွန်သူများတွင် ရိုဟင်ဂျာညီညွတ်ရေး အဖွဲ့ဟုခေါ်သော အဖွဲ့၌ လက်နတ်ကိုင်ဆောင်မှုဆိုင်ရာသင်တန်း တက်ခဲ့သူများ ပါဝင်ကြောင်း သိရပြီး ယင်းတို့ကို ဖော်ထုတ်လျက် တရားဥပဒေအရ စီရင်နိုင်ရန် တည်ဆဲဥပဒေ ဘောင်များအတွင်း လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်လျက်ရှိသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ဒေသအာဏာပိုင်များသည် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုရှိရေး၊ လူသားချင်း စာနာထောက်ထားမှု ရရှိရေးနှင့်ပြန်လည် သင့်မြတ်ရေး တို့အတွက် လိုအပ်သည်များကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ လူမှုစီးပွားရေးနှင့် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်နေသည့် သိမ်မွေ့သောကာလတွင် ဘက်လိုက်မှုမရှိ သော၊ အပြုသဘောဆောင်သော၊ ရည်ရွယ်ချက်ကောင်းမွန်သော ဆောင်ရွက်ချက်များကသာ မြန်မာပြည်သူ များကို ကူညီရာရောက်မည် ဖြစ်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတကာသတင်းဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် သတင်းထုတ်ပြန်ခြင်းများ ပြုလုပ်ပါက သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် ဆက်သွယ်စုံစမ်းအတည်ပြုထားသော သတင်းများကိုသာ ထုတ်ပြန်သင့်ပါသည်။ သို့မဟုတ်ပါက အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးကိုလည်း ဝင်ရောက်စွက်ဖက်ရာ ရောက်မည ဖြစ်ပါသည်။ မြန်မာနိုင်ငံအခြေစိုက် သံတမန်များ အနေဖြင့်လည်း ၁၉၆၁ ခုနှစ် သံတမန် ဆက်ဆံရေးဆိုင်ရာ ဗီယက်နာကွန်ဗင်းရှင်းနှင့်အညီ သံတမန်ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း ဖော်ပြပါအပ်ပါသည်။

0 comments:

Post a Comment

 
Twitter Bird Gadget