Thursday, January 16, 2014
အေးမြတ်မွန်၊ သက်ထား
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော ခရီးသည်တင် ဘတ်စ်ကားများအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မဟာရန်ကုန်
မြို့ပြသယ်ယူပို့ဆောင်ရေး စီမံကိန်း (YUTRA) အတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ
ကုန်ကျမည်ဖြစ်ကြောင်း JICA မှ လေ့လာရေး အဖွဲ့ခေါင်းဆောင် မစ္စတာ
တာကာရှိရှိုးယာမက ပြောကြားသည်။
မဟာရန်ကုန် မြို့ပြသယ်ယူပို့ဆောင်ရေး
မဟာဗျူဟာ စီမံကိန်းနှင့် ပတ်သက်သည့် အများပြည်သူသို့
ပွင့်လင်းမြင်သာစွာချပြခြင်း အစည်းအဝေးတွင်
ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
“မဟာစီမံကိန်း တစ်ခုလုံးစာ
အကောင်အထည် ဖော်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်၊ ရေတို၊ ရေလတ်၊
ရေရှည်စီမံကိန်း အားလုံးအတွက်ဆိုရင် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၅၀၀
လောက်ရှိပါတယ်။ ၂၅ ဘီလျံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခြားပုဂ္ဂလိက
လုပ်ငန်းတွေနဲ့ BOT ဆောင်ရွက်မယ်ဆိုရင် ၁၆ ဘီလျံအထိ လျှော့ချနိုင်မယ်” ဟု
မစ္စတာ တာကာရှိရှိုးယာမက ဆိုသည်။
အဆိုပါ စီမံကိန်းကို ရေတို၊ ရေလတ်၊
ရေရှည်စီမံကိန်းဟူ၍ သတ်မှတ်ထားပြီး ရေတိုစီမံကိန်း ၂၀၁၈၊ ရေလတ်စီမံကိန်း
၂၀၂၅၊ ရေရှည်စီမံကိန်း ၂၀၃၅ အထိ သတ်မှတ်ထားကြောင်း သိရသည်။
“ဒီစီမံကိန်းမှာ
အဓိကဦးစားပေးမယ့် အဆင့်တွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမှာ
ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ သွားလာရေးနဲ့ ယဉ်ကြောဆိုင်ရာ
စစ်တမ်းများကို ကောက်ယူခဲ့တဲ့အခါမှာ အိမ်ထောင်စုပေါင်း ၁၁၀၀၀ ကျော်ကို
စစ်တမ်းကောက်ခဲ့တယ်။ လူဦးရေကလည်းပဲ မကြာမီမှာ သိသိသာသာ တိုးတက်လာမယ်။
လက်ရှိရန်ကုန်မြို့လယ်ရဲ့ လူဦးရေဟာ ၅ ဒသမ ၇ သန်းခန့်မှန်းတယ်။ ၂၀၃၅ မှာ ၉
ဒသမ ၇ သန်းရှိမယ် ခန့်မှန်းထားတယ်။ ဒါဆိုရင် ခရီးသွားလိုအပ်ချက်
ပိုတိုးလာမယ်။ ခရီးသွားလာမှုဟာ အခုအချိန်မှာ ၁၁ သန်းရှိရာကနေ ၂၀၃၅ မှာ ၁၉
ဒသမ ၅ သန်းရှိလာမှာမို့ သန်း ၂၀ လောက်တိုးလာမယ်။ ဒါဟာ ၁ ဒသမ ၈
ဆတိုးတက်လာတယ်။ လူနေထူထပ်လာမယ့် နေရာတွေမှာ အများပြည်သူ သယ်ယူပို့ဆောင်မယ့်
လိုအပ်ချက်က လိုအပ်လာမှာဖြစ်တယ်” ဟု ယင်းကဆက်လက်ပြောကြားသည်။
ထို့ပြင်
ရန်ကုန်မြို့၏ အချက်အချာကျသော နေရာများနှင့် အဓိကလမ်းမများတွင်
ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးစီမံကိန်း၊ ယာဉ်ရပ်နားမှု
အဆင့်မြှင့်တင်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းမှု ငါးနှစ်အစီအစဉ်တို့ကို
ယာဉ်ကြောစီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းများအဖြစ် အဆိုပြုထားကြောင်း
သိရသည်။
ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန်အတွက် ဦးစားပေးအဆင့်
သုံးရပ်ဖြင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်း ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ယင်းအခမ်းအနားတွင်
ပြောကြားခဲ့သည်။
JICA နှင့် မြန်မာအစိုးရတို့အကြား
အဆိုပါစီမံကိန်း၏ ကုန်ကျစရိတ်အတွက် မည်သို့ဆောင်ရွက်မည်ကို
ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ယင်းကဆိုသည်။
Thursday, January 16, 2014
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment