လွန်ခဲ့သောသုံးနှစ်ခန့်က အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏
ဓာတ်ပုံရှေ့တွင် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှုက
မြန်မာနိုင်ငံအတွက် ကောင်းမွန်သော အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။
အစိုးရခေါင်းဆောင်နှင့် လူထုခေါင်းဆောင်ကြား ၂၀၁၁ သြဂုတ် ၁၉ ရက်တွင်
စတင်တည်ဆောက်နိုင်ခဲ့သော ယုံကြည်မှုက သမိုင်းတွင်သော အပြောင်းအလဲများ
ဖြစ်ပေါ်မှု၏ နိဒါန်းတစ်ခုလည်း ဖြစ်ခဲ့ပါသည်။ သို့သော် ၂ နှစ်ကျော်ကြာပြီး
နောက်ပိုင်းတွင် အခြေအနေက ပြောင်းလဲလာခဲ့သည်။
၂၀၁၃ နှောင်းပိုင်းမှ စသည်ဟုဆိုရမည်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ
အေးစက်လာခဲ့သည်ဟု နိုင်ငံရေး လေ့လာသူများက ဆိုသည်။ ၂၀၀၈ အခြေခံ
ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ နှုတ်ဆိတ်နေမှုအပေါ်
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အားမလိုအားမရဖြစ်ခဲ့ရသည်။
၂၀၁၃ နိုဝင်ဘာလကုန်ပိုင်းတွင် အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍
ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန်
တောင်းဆိုခဲ့သည့်အပေါ် သမ္မတက လက်မခံခဲ့ခြင်းမှစ၍ သူတို့နှစ်ဦး၏ဆက်ဆံရေးမှာ
အေးစက်လာခဲ့သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
“လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး တောင်းဆိုတာ
မဖြစ်ခဲ့တဲ့နောက်ပိုင်း ဆက်ဆံမှုနွေးနွေးထွေးထွေးရှိတာ မမြင်ရသေးဘူး”ဟု ၈၈
မျိုးဆက် (ငြိမ်းပွင့်)မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးကသုံးသပ်သည်။
သို့သော် ထိုအချက်တစ်ခုတည်းကြောင့်တော့ မဖြစ်နိုင်ကြောင်းလည်း ဦးမြအေးကဆိုသည်။
“ဒေါ်စုကလည်း အခုနောက်ပိုင်း သမ္မတကို တိုက်ခိုက်မှုဆန်တဲ့စကားရပ်တွေ
သုံးလာတာရှိတယ်လေ။ ဥပမာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာဖို့မှာ
ဆန်းစစ်ဖို့တို့ပေါ့။ ဒီလိုဖြစ်လာပြီး နောက်ပိုင်းမှာလည်း သမ္မတကလည်း
သတိထားမိလာပြီး ဆက်ဆံရေးကိုပါ ထိခိုက်လာတယ်ထင်ပါတယ်”ဟု
အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကဆိုသည်။
ထို့နောက်ပိုင်း သမ္မတဦးသိန်းစိန်အားကိုးရသော ၀န်ကြီးများနှင့်ပါ
ဆက်ဆံရေးအေးစက်လာသည့်အနေအထားမျိုးများ တွေ့လာရသည်။ ထို့အပြင်
ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာဟောပြောပွဲနှင်
လူထုဆန္ဒခံယူပွဲခရီးစဉ်များထဲမှ ချင်းပြည်နယ်ခရီးစဉ်နှင့် ကချင်ပြည်နယ်
မြစ်ကြီးနားခရီးစဉ်တို့တွင် တည်းခိုရေးနှင့် ဟောပြောမည့်ကွင်းနေရာ
ငှားရမ်းမှုတို့ အဆင်မပြေခဲ့ခြင်းက သမ္မတဦးသိန်းစိန်နှင့်
ဒေါ်အောင်ဆန်းစုကြည်ကြား ဆက်ဆံရေးအေးစက်လာမှု၏ သက်သေဖြစ်သည်ဟု
နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်သည်။
ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ကျင်းပသည့် ရန်ပုံငွေပွဲများတွင် နိုင်ငံတော်သမ္မတ၏ ဘယ်လက်ရုံး၊
ညာလက်ရုံးဖြစ်သော သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများဖြစ်သည့်
ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့ တက်ရောက်ကြသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်သော NLD
ကျန်းမာရေးကွန်ရက်က ကျင်းပသည့်ရန်ပုံငွေပွဲတွင် ဒုသမ္မတနှင့်
ပြည်ထောင်စုဝန်ကြီးများအား ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခြင်းမရှိခဲ့ပေ။
ထိုနေ့တွင် သမ္မတရုံးပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးစိုးသိန်းနှင့်
ဦးအောင်မင်းမှာ ရန်ကုန်မြို့တွင်ရှိနေခဲ့ကြသည်။
ထို့ကြောင့် အစိုးရရော ဒီချုပ်နှင့်ပါ နီးစပ်သူတစ်ဦးက ခေါင်းဆောင်နှစ်ဦးအကြား ယုံကြည်မှုပျက်သွားပြီဟု သူ၏အမြင်ကိုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်၂၀၁၁ ခုနှစ် သြဂုတ် ၁၉ ရက်တွင်
သမ္မတအိမ်တော်၌ ပထမဆုံးအကြိမ် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ကြသည်။ ထို့နောက်
ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံရှေ့တွင် မတ်တတ်ရပ်ကာ
မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။
ခေါင်းဆောင်နှစ်ဦးတွေ့ဆုံရာတွင် မတူတာတွေကို ဘေးဖယ်ထားပြီး
တူတာတွေတွဲလုပ်ကြဖို့ သဘောတူခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း
သမ္မတဦးသိန်းစိန်မှာ ရိုးသားသူဖြစ်ပြီး အတူလက်တွဲအလုပ်လုပ်၍ရကြောင်း
ထုတ်ဖော်ပြောခဲ့သည်။ ထို့အပြင် အတိုက်အခံအချို့ကိုပင် ၎င်းကိုယုံကြည်ပါက
သမ္မတကြီးကိုပါယုံကြည်ဖို့ ပြောဆိုမှုများပင်ရှိခဲ့သည်။
လက်ပံတောင်းတောင်ကိစ္စနှင့်ပတ်သက်၍ အစိုးရက အကူအညီတောင်းသဖြင့်
ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမရှောင်ဘဲ စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူကာ
ဖြေရှင်းပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပနိုင်ငံခရီးစဉ်များတွင် မြန်မာနိုင်ငံအား
ကူညီပေးရန် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် ၎င်းအား
အစဉ်တစိုက်ထောက်ခံသော ဥရောပနှင့် အမေရိကန်အစိုးရအား တိုက်တွန်းခဲ့သည်။
သမ္မတဦးသိန်းစိန်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား
ပြန်လည်မှတ်ပုံတင်ခွင့်ရရှိရန်နှင့် အကျဉ်းကျနေသော
အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီဝင်များအား ၂၀၁၂ ခုနှစ်
ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်နိုင်ရန်
လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့သည်။
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍
သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့
သုံးဦးပေါင်း၍ ပြည်သူလူထုသို့ ပန်ကြားစာတစ်စောင်ထုတ်ပြန်ခဲ့သည်။
ယုံကြည်မှုခိုင်မာစဉ် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ နှစ်အတွင်း
တရားဝင်တွေ့ဆုံမှု လေးကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။ ၂၀၁၃ သြဂုတ် ၃၁ ရက်တွင်
လယ်တောရိပ်သာ၌ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း မတွေ့တော့သည်မှာ
ခြောက်လနီးပါးရှိပြီဖြစ်သည်။
သို့သော် ၂၀၁၅ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ တိုင်းပြည်တိုးတက်ရေးနှင့်
ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီးသော ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆက်ဆံရေးတင်းမာလာသည့်
အနေအထားများ တွေ့လာရသည်။
အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ
တွန်းတွန်းတိုက်တိုက် ပြောလာသော်လည်း သမ္မတဦးသိန်းစိန်မှာ
နှုတ်ဆိတ်နေခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်တွင်း၊
ပြည်ပခရီးစဉ်များတွင် နိုင်ငံတော်သမ္မတအား ဝေဖန်သည့်စကားလုံးများ
ပြောဆိုလာခဲ့သည်။
အခြေခံဥပဒေပြင်ဆင်ရေးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်ကြား
အကျိုးစီးပွားဆန့်ကျင်ဘက်ကဲ့သို့ ဖြစ်လာရာမှ တစ်ဦးနှင့်တစ်ဦး
ဆက်ဆံရေးပြောင်းလဲလာခဲ့ပြီး သူ့ဘက်ကိုယ့်ဘက်စွဲသည့်
အနေအထားမျိုးဖြစ်လာကြောင်း သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြား
တွန်းတွန်းတိုက်တိုက် ပိုဖြစ်လာလိမ့်မည်ဟုလည်း
ဦးစည်သူအောင်မြင့်ကသုံးသပ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံစဉ်က
တိုင်းပြည်တွင်ဖြစ်ပေါ်နေသော ပကတိအခြေအနေအားရှင်းပြပြီး တည်တည်ငြိမ်ငြိမ်
အေးအေးချမ်းချမ်းဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်ပေါ်လာရန်နှင့်
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်မည်ဟု
ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ
ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးရဲထွဋ်ကဆိုသည်။
“ယုံကြည်မှုပျက်တယ်ဆိုတာ ဘာကိုပြောတာလဲ။ ကျွန်တော်တို့ စပြောကတည်းက
ဒေါ်အောင်ဆန်းစုကြည်လိုချင်သမျှ အားလုံးလိုက်လျောမယ်လို့ ကတိပေးခဲ့တာ
မဟုတ်ဘူးလေ။ ကျွန်တော်တို့ပြောသမျှကို ဒေါ်အောင်ဆန်းစုကြည် ထောက်ခံဖို့လည်း
တောင်းဆိုခဲ့တာမဟုတ်ဘူး”ဟု ဦးရဲထွဋ်ကဆိုသည်။
လက်ရှိအနေအထားသည် ယုံကြည်မှုပျက်သွားသည့် အဆင့်ထိမရောက်သေးသော်လည်း
နိုင်ငံရေးကစားကွက်အဆင့်တွင်သာရှိပြီး အစိုးရဘက်မှ
ကစားတာပိုများနေသေးကြောင်း နိုင်ငံရေးလေ့လာသူ ကိုသူရ (ခေါ်)
ကိုဇာဂနာကသုံးသပ်သည်။
“ကစားတာအရမ်းများသွားတဲ့အခါမှာ လူတွေက
သည်းမခံနိုင်တော့တဲ့အဆင့်ရောက်သွားရင် ကြောက်ရတယ်။ ၂၀၁၄- ၂၀၁၅ မှာ
သည်းမခံနိုင်တဲ့အဆင့် ရောက်သွားရင် ဆော်ကုန်ကြလိမ့်မယ်”ဟု ကိုဇာဂနာကဆိုသည်။
သမ္မတဦးသိန်းစိန်အနေဖြင့် သမ္မတဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
အတိုက်အခံအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်
တွေ့ဆုံဆွေးနွေးမှုများ လုပ်ခဲ့သည်။ ထို့ကြောင့်လည်း တိုင်းပြည်အတွင်း
ပြုပြင်ပြောင်းလဲရေးအချို့ ဖြစ်လာခဲ့သည်။ နိုင်ငံတကာအကူအညီများ
သိသိသာသာရရှိလာခဲ့ပြီး နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများလည်း
ဖြေလျှော့လာခဲ့သည်။
တိုင်းပြည်လည်း အတန်အသင့်တိုးတက်မှုများရှိလာခဲ့ပြီး နိုင်ငံတကာနှင့်ပါ
ပြန်လည်ဝင်ဆံ့သည့်အနေအထား ဖြစ်လာခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့်ပါ ငြိမ်းချမ်းရေးဆွေးနွေးမှုများ
ပေါ်ထွန်းလာခဲ့ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်
ဆွေးနွေးနေကြပြီဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်တောင် သမ္မတနဲ့တွေ့ဆုံဆွေးနွေး စကားပြောနေမှပဲ
ကျွန်တော်တို့လည်း အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရမှာပေါ့”ဟု
ပြီးခဲ့သည့်နှစ်က ကွယ်လွန်သွားခဲ့သော ကရင်အမျိုးသားအစည်းအရုံးမှ
အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဦးဆောင်ပါဝင်ခဲ့သူ
ဖဒိုဒေးဗစ်ထောက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလဆန်းတွင် ပြောဆိုခဲ့သည်။
သို့သော် ယခုကဲ့သို့ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးပြန်လည်အေးစက်လာသည့်အပေါ်
တိုင်းရင်းသားခေါင်းဆောင်အချို့က စိုးရိမ်နေကြသည်။ ဇန်န၀ါရီလအတွင်း
တောင်ကြီးမြို့ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့်ကွင်းအား
သက်ဆိုင်ရာကခွင့်မပြုခဲ့သော သတင်းနားထောင်ရင်း KNU ထိန်းချုပ်နယ်မြေ
လော်ခီးလာညီလာခံ တက်ရောက်လာသော တိုင်းရင်းသားခေါင်းဆောင်တစ်ဦး၏
ညည်းတွားသံကို ယခုလိုကြားခဲ့ရသည်။
“ခေါင်းဆောင်တွေမတည့်ရင် ငါတို့ ငြိမ်းချမ်းရေး ဘယ်လိုဆက်ဆွေးနွေးရမှာလဲ”ဟူ၍ဖြစ်သည်။ ။
- ပထမအကြိမ်
၂၀၁၁ သြဂုတ် ၁၉ ရက် ညနေ ၄ နာရီ။ နေပြည်တော်၊ သမ္မတအိမ်တော် ညနေ ၄ နာရီ ၅ နာရီထိ တွေ့ဆုံဆွေးနွေး။
- ဒုတိယအကြိမ်
၂၀၁၂ ဧပြီ ၁၁ ရက် နံနက် ၁၁ နာရီ။ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေး။
- တတိယအကြိမ်
၂၀၁၂၊ စက်တင်ဘာ ၂၅ ရက်၊ အမေရိကန်စံတော်ချိန် ည ၇ နာရီ။
နယူးယောက်မြို့တွင် မိနစ် ၂၀ ကြာ တွေ့ဆုံဆွေးနွေး။
- စတုတ္ထအကြိမ်
၂၀၁၃၊ သြဂုတ် ၃၁ ရက် နေပြည်တော်၊ လယ်တောဆောင်၊ နေ့လယ် ၃ နာရီတွင် တွေ့ဆုံဆွေးနွေး။
Wednesday, February 12, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment