Sunday, March 23, 2014
စားသောက်ဆိုင်(စင်တင်တေးဂီတ) ဆိုင်တွင် သီချင်းသီဆိုသူ အမျိုးသမီးငယ်အား
အကြွေးဆပ်ပြီး မုန့်ဖိုးပေးရာ ထိုငွေများမှာ ကျပ် (၅၀၀၀)တန် ငွေစက္ကူ
အတုများ ဖြစ်သည့် အတွက် ငွေစက္ကူ အတုများအား လက်ဝယ် ထားရှိ သုံးစွဲသူအား
ဖမ်းဆီး တရားစွဲဆိုမှု မြိတ်မြို့၌ ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ် မတ်လ (၂၀) ရက်နေ့ ည (၇)နာရီ ခွဲ အချိန်တွင်
မြိတ်ခရိုင် အထူး မှုခင်း နှိမ်နှင်းရေး အဖွဲ့မှ ရဲအုပ် ချိုလွင်နှင့်
အဖွဲ့သည် ရုံးခန်း၌ တာဝန်ထမ်းဆောင်နေစဉ် မြိတ်မြို့ ဘုရားကိုင် ရပ်ကွက်
သုခလမ်းနေ မဆောင်းအိဖြူ (ခ) စမိုင်း (၁၉)နှစ် (ဘ) ဦးဥာဏ်ရွှေ ၊
၆/မမန(နိုင်) ၁၆၂၈၈၉ ( မြိတ်ဂေါက်ကလပ် စားသောက်ဆိုင်တွင် သီချင်းဆိုသူ )
နှင့် ၄င်းအစ်ကို ဖြစ်သူ ချစ်မင်းတို့ ရောက်ရှိလာပြီး မဆောင်းအိဖြူ (ခ)
စမိုင်း၏ ပြောပြချက်အရ ပုလောမြို့နယ် ပလကျေးရွာ အောင်မင်္ဂလာလမ်း အမှတ် (၇၅)
တွင် နေထိုင်သူ စိုးနိုင် အသက် (၄၉)နှစ်၊ (ဘ) ဦးထွန်းကြွယ် ၊ ၆/ပလန
(နိုင်) ၀၁၀၉၀၇ ၊ ဗမာ / ဗုဒ္ဓ ၊ (ဥယျာဉ်ခြံလုပ်) မှာ လွန်ခဲ့သော (၂)
ပတ်ခန့်က မြိတ်ဂေါက်ကွင်း စားသောက်ဆိုင်သို့ ရောက်ရှိလာပြီး ငွေကျပ်
(၄၀၀၀၀)ကျော် အကြွေး စားသောက်သွား၍ ၄င်းမှ စိုက်ထုတ် ရှင်းပေးထားရှိကြောင်း
၊ ထိုအကြွေးငွေများအား ၄င်းမှ ဖုန်းဆက်ပြီး တောင်းခံခဲ့ရာ စိုးနိုင်မှ
မတ်လ (၁၈) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ရရန် အကြွေးအား မြိတ်ဟိုတယ်
အနီးရှိ ငွေဇင်ယော် စားသောက်ဆိုင်၌ လာယူရန် ချိန်းဆို၍ သွားယူရာတွင်
စိုးနိုင်မှ မဆောင်းအိဖြူ (ခ) စမိုင်း အား အကြွေးငွေနှင့် ၄င်း၏
မုန့်ဖိုးအတွက် ဆိုကာ မြန်မာငွေ စက္ကူ (၅၀၀၀) ကျပ်တန် (၁)အုပ်အား ငွေကျပ်
(၁)သိန်းဟု ဆိုကာ ပေးထားခဲ့၍ ငွေအား ရယူပြီး နေအိမ်သို့
ပြန်သွားခဲ့ကြောင်း၊ နေအိမ်သို့ ရောက်ပြီး စိုးနိုင်ပေးသော ငွေအား
ရေတွက်ကြည့်ရာ ငွေစက္ကူ (၁၉) ရွက် ရှိကြောင်း တွေရှိရပြီး ၄င်းငွေစက္ကူ (၁၉)
ရွက် အနက်မှ (၁)ရွက်ကို အဒေါ်ဖြစ်သူ ဒေါ်အေးအေးမာ အား အ၀တ်ဖိုးငွေ အကြွေး
ဆပ်ရန် ပေးစဉ် ဒေါ်အေးအေးမာမှ ၄င်း ငွေစက္ကူမှာ အတု ဖြစ်နိုင်ကြောင်း
သတိထားမိပြီး ချစ်မင်းအား ထပ်မံပြသ ၍ ငွေစက္ကူ (၁၉) ရွက်အား စိစစ်ရာ နံပတ်တူ
ငွေစက္ကူများ ဖြစ်နေပြီး ငွေစက္ကူ အတုများ ဖြစ်နေကြောင်း သိရှိရသဖြင့်
မြိတ်ခရိုင် မှုခင်းနှိမ်နှင်းရေး အဖွဲ့သို့ လာရောက် သတင်းပေး အပ်နှံခဲ့သည်။
အဆိုပါ အမှုအား ရဲအုပ်ချိုလွင်မှ တရားလို ပြုလုပ်၍ တိုင်ကြားခဲ့ရာ အမှတ်(၂)
မှုခင်းတပ်ဖွဲစိတ် (မြိတ်)မှ ဒုတိယ ရဲမှူး ၀င်းကို နှင့် အဖွဲ့က
စစ်ဆေးဆောင်ရွက်ရာတွင် ၄င်း ငွေစက္ကူ (၁၉) ရွက်သည် သာမန် မိတ္တူကူး စက္ကူ
အမျိုးအစား ဖြစ်ခြင်း၊ ငွေစက္ကူအစစ်နှင့် အရွယ်အစား မတူညီခြင်း၊
အက္ခရာဂဏန်းများသည် ငွေစက္ကူ အစစ်ထက် အရောင်မှိန်ခြင်း၊ ရေစာပုံရိပ်သာ
ပါရှိခြင်း၊ လုံခြုံရေးကြိုးကို တစ်ဝက်တစ်ပြက် တုပထားပြီး ထင်ရှား
ပြတ်သားမှု မရှိခြင်း၊ ပုံနှိပ်နည်းစနစ်အား ကာလာပရင်တာဖြင့် တုပထားခြင်း၊
စသည့် အချက်များကြောင့် ငွေစက္ကူ အတု ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်
မြန်မာငွေ ကျပ် (၅၀၀၀)တန် ငွေစက္ကူအတုများအား လက်ဝယ် ထားရှိ သုံးစွဲခဲ့သူ
စိုးနိုင် အား ၂၀၁၄ ခုနှစ် မတ်လ (၂၀) ရက်နေ့ ည (၉)နာရီ အချိန်ခန့်၌
ပုလောမြို့နယ် ပလကျေးရွာရှိ ၄င်း၏ နေအိမ်မှ ရှာဖွေ ဖမ်းဆီးမိခဲ့သည်။
ထိုအမှုနှင့် ပတ်သက်၍ မြန်မာငွေ ကျပ် (၅၀၀၀)တန် ငွေစက္ကူ အတုများအား လက်ဝယ်
ထားရှိ သုံးစွဲခဲ့သူ စိုးနိုင် (၄၉)နှစ် (ဘ) ဦးထွန်းကြွယ် ၊ ၆/ပလန
(နိုင်) ၀၁၀၉၀၇ အား မြိတ်မြို့မှ ရဲတပ်ဖွဲ့စခန်းမှ (ပ) ၂၂၀/၂၀၁၄ ၊ ပြစ်မှု
ပုဒ်မ ၄၈၉ (ခ) (ဂ) ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး ဒုရဲမှူး ၀င်းကို အမှတ်(၂)
မှုခင်း တပ်ဖွဲ့စိတ် (မြိတ်)မှ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း
သတင်းရရှိသည်။
မြိတ်ပုလဲမြေ
Sunday, March 23, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment