Saturday, March 29, 2014

သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအမည် ခွင့်မပြုကြောင်း မြန်မာ အစိုးရ ပြောကြား

၂ဝ၁၄ သန်းခေါင်စာရင်းပုံစံမှာ ရေးသွင်းတဲ့အခါ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ထည့်သွင်းခွင့်ပြုမှာ မဟုတ်ကြောင်း မြန်မာအစိုးရက ဒီကနေ့ တရားဝင် ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၆ဝ ကျော် က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်း ကောက်ယူမှုအတွင်း ရိုဟင်ဂျာအမည်နဲ့ ပတ်သက်လို့ ဘယ်လို ကောက်ယူသွားမလဲလို့ သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ ဦးရဲထွဋ်က အခုလို ဖြေကြား ခဲ့တာပါ။

"အိမ်တစ်အိမ်ကိုမေးတဲ့အခါမှာ သူက ရိုဟင်ဂျာလို့ဖြည့်ချင်တယ်ဆိုရင် ကျနော်တို့ဒါဆက်ပြီးတော့ လက်ခံမှာမဟုတ်ဘူး၊ သူ့ကို ဘင်ဂါလီလို့ဖြည့်ရင်ရမယ် ၊တခြားသက်မှတ်ထားတဲ့ ကုတ်နံပါတ် တွေ ဖြည့်ရင်ရမယ်၊ ဒီရိုဟင်ဂျာလို့ပြောရင်တော့ ကျနော်က စာရင်းရေးသွင်းမှာမဟုတ်ဘူး"

ရခိုင်တိုင်းရင်းသားတွေကလည်း သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာအမည်ကို ထည့်သွင်းခွင့်မပြုဖို့ အတွက် ရခိုင်ပြည်နယ်က မြို့နယ် ၁ဝ မြို့နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဆန္ဒပြတောင်းဆိုခဲ့ကြသလို စစ်တွေမြို့မှာ သာသနာ့အလံလွှင့်ထူပြီး သန်းခေါင်စာရင်းကို သပိတ်မှောက် ဆန္ဒပြတာတွေလည်း ရှိနေပါတယ်။

၂ဝ၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မနက်ဖြန် မတ်လ ၃ဝ ရက်နေ့က စတင်ကောက်ယူမှာဖြစ်ပြီး ဧပြီလ ၁ဝ ရက်နေ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင် ဘာသာဝင်တွေကြား အထင်အမြင်လွဲမှားမှု တချို့ရှိနေတာတွေကို နားလည်မှုရရှိသွားအောင် ဝိုင်းဝန်းကြိုးစားသွားမယ်လို့ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဝီရသူနဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့က ဒီကနေ့ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး ပြောကြားလိုက်ပါတယ်။

RFA Burmese


0 comments:

Post a Comment

 
Twitter Bird Gadget