Wednesday, April 23, 2014

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး အယ်လ်နီညိုဖြစ်ပွားသော နှစ်များတွင် ဖြစ်ပေါ်သည့် အပူချိန်သို့ ရောက်လုနီးရှိနေ





မိုးရွာသွန်းစေရန် ရိုးရာလွန်ဆွဲပွဲအား မန္တလေးမြို့ ဧရာဝတီမြစ်နံဘေး မရမ်းခြံဆိပ်ကမ်းတွင် ဧပြီ ၂၂ ရက်က ကျင်းပပြုလုပ်နေစဉ် (ဓာတ်ပုံ-မင်းသန့်)
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး အယ်လ်နီညိုဖြစ်ပွားသော နှစ်များတွင် ဖြစ်ပေါ်သည့် အပူချိန်သို့ ရောက်ရှိရန် ၁ ဒီဂရီ စင်တီဂရိတ်သာ လိုတော့ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

“ဒီနှစ်က အပူချိန် အရမ်းပြင်းထန်တဲ့နှစ်တော့ မဟုတ်သေးဘူး။ ပူတာတော့ တော်တော်ပူနေတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတို့ စစ်ကိုင်းတို့မှာ ၄၄ ဒီဂရီ စင်တီဂရိတ်လောက်ထိ ဖြစ်နေတယ်။ အယ်လ်နီညိုဖြစ်တဲ့ နှစ်တွေမှာ ၄၅ ဒီဂရီ စင်တီဂရိတ် ကျော်ခဲ့တယ်” ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

၁၈၅၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အပူဆုံးသော နှစ်သုံးနှစ်ရှိခဲ့ရာတွင် ၁၉၉၈ ခုနှစ်၊ ၂၀၀၅ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်တို့ဖြစ်ကြောင်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

“ကမ္ဘာကြီး ပူနွေးလာမှုကြောင့် မြန်မာနိုင်ငံရဲ့ အပူချိန်တွေက ပုံမှန်အပူချိန်ထက် ပိုမြင့်နေတယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်း ကန့်ဘလူ၊ မုံရွာတို့မှာ ၄၃ ဒီဂရီ စင်တီဂရိတ်လောက် ရှိတယ်။ တောင်တွင်းကြီးမှာလည်း ၄၃ ဒီဂရီ စင်တီဂရိတ်လောက် ရှိတယ်။ စစ်ကိုင်းတိုင်း အောက်ပိုင်းမှာဆို ၂၀၁၀ လောက်တုန်းက စံချိန်တင် အပူချိန်အဖြစ် ၄၇ ဒီဂရီ စင်တီဂရိတ်လောက်ထိကို ဖြစ်ပွားခဲ့တယ်။ ၁၉၈၀ နောက်ပိုင်းမှာ ဧပရယ်၊ မေလတွေမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေရဲ့ အပူချိန်က ၄၂ ဒီဂရီ စင်တီဂရိတ်ကနေ ၄၅ ဒီဂရီ စင်တီဂရိတ်လောက်အထိကို ရှိနေတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးက ပြောကြားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတို့ စစ်ကိုင်းတို့မှာ ၄၄ ဒီဂရီ စင်တီဂရိတ်လောက်ထိ ဖြစ်နေတယ်။ အယ်လ်နီညိုဖြစ်တဲ့ နှစ်တွေမှာ ၄၅ ဒီဂရီ စင်တီဂရိတ် ကျော်ခဲ့တယ် . . . . .

ဧပြီလ၏ ပျမ်းမျှအပူချိန်ထက်ပိုခဲ့သော ဒေသများသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ပျမ်းမျှအပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်အထိ ပိုမိုခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၀ အတွင်း မတ်၊ ဧပြီ၊ မေလတွင် မြို့နယ် ၁၆ မြို့နယ်အတွင်း စံချိန်တင်ပူပြင်းမှု ၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များက နှစ်နှစ်ဆက်တိုက် အယ်လ်နီညို ရာသီဥတုနှစ်များကို တွေ့ကြုံခဲ့ရကာ စံချိန်တင် ပူပြင်းမှုများ၊ မြစ်များတွင် ရေနည်းပါးကာ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံရခြင်းများ၊ ကျန်းမာရေး ချို့တဲ့ခြင်းများ၊ လူသေဆုံးရခြင်းများပင် ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် ရာသီဥတု ပြောင်းလဲခြင်းများကို ရင်ဆိုင်လာရပြီး ယင်းတို့မှာ ရာသီဥတု ပိုမိုပူပြင်းခြောက်သွေ့လာခြင်း၊ မုတ်သုံဝင်ရောက်ချိန် နောက်ကျခြင်း၊ မုတ်သုံအထွက်စောလာခြင်း၊ ဆောင်းရာသီများတွင် ယခင်အေးမြသော ဒေသများ ပူနွေးလာခြင်း၊ မိုးရက်နည်းပါးလာခြင်း၊ မိုးခေါင်သောနှစ်များ ကြုံတွေ့လာခြင်း၊ သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ကြုံတွေ့လာခြင်း စသည်တို့ ဖြစ်ကြသည်။

0 comments:

Post a Comment

 
Twitter Bird Gadget