Thursday, June 12, 2014

မြို့ပတ်ရထားလမ်းပိုင်းကို ကျပ်သန်းခြောက်ရာသုံးပြီး ခြံစည်းရိုးကာမည်



မြို့ပတ်ရထားတစ်စီးကို တွေ့ရစဉ် [ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)]
မြန်မာ့မီးရထားက မြို့ ပတ်လမ်းပိုင်းတစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိစေရန် ခြံစည်းရိုး ကာရံမည်ဖြစ်ပြီး မြို့ပတ်လမ်းပိုင်းတစ်ခုလုံးအတွက် ဘတ်ဂျက် ကျပ်သန်း ၆၀၀ အသုံးပြုမည်ဟု မြန်မာ့မီးရထား (မြို့ပြဌာန) မှ သတင်းရရှိသည်။
မြန်မာ့မီးရထား ဧရိယာနှင့် လူနေအိမ်များ နီးကပ်သော မြို့ နယ်အချို့တွင် ရပ်ကွက်အတွင်း နေထိုင်သူများမှာ ရထားလမ်းဘက်သို့ အမှိုက်များ စွန့်ပစ်ခြင်း၊ မီးရထားခုံးကျော်တံတားများ ပြန်လည်ပြုပြင်ထားသော်လည်း အသုံးမပြုဘဲ အလွယ်တကူ လမ်းဖြတ်ကူးသူများရှိနေခြင်းကြောင့် ခြံစည်းရိုးကာရံခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား(မြို့ပြဌာန) မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးမောင်မောင်သန်းက ပြောသည်။
‘‘ရပ်ကွက်ထဲက အကြော်တဲကအစ ရထားလမ်းဘက်ကို အဖီထိုးထားတာတွေ ရှိတယ်။ ပြီးတော့ အမှိုက်တွေပစ်လို့။ အုတ်တံတိုင်းခတ်လိုက်ရင် သူတို့အမှိုက်ပစ်ဖို့ ခက်သွားမယ်လေ’’ ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လှည်းတန်းဘူတာနှင့် သီရိမြိုင်ဘူတာကြား ပေ ၆၈၀၀ ခန့်၊ တံတားလေးဘူတာနှင့် ကျောက်ရေတွင်းဘူတာကြား ပေ ၂၅၀၀ ခန့်တို့ကို ခြံစည်းရိုးအုတ်တံတိုင်း ကာရံမည်ဖြစ်ပြီး နောက်ပိုင်းတွင် မြို့ပတ်လမ်းပိုင်းတစ်ခုလုံးကို ယခုနှစ်ဘတ်ဂျက်ကာလအတွင်း ကာရံမည် ဖြစ်သည်။
လက်ရှိတွင် ခြံစည်းရိုးခတ်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြေတိုင်းအဖွဲ့နှင့် မီးရထားဧရိယာများကို မြေတိုင်း၍ နယ်နိမိတ်သတ်မှတ်ခြင်း၊ အုတ်တံတိုင်းခတ်လုပ်ငန်း လုပ်ကိုင်လိုသူများအား တင်ဒါခေါ်ယူခြင်းများ ဆောင်ရွက်နေသည်။

0 comments:

Post a Comment

 
Twitter Bird Gadget