Wednesday, October 8, 2014

နိုင်ငံသားပြုခွင့်၊ ဖြစ်ခွင့်နှင့် အနောက်တံခါးပြဿနာ

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေဖြင့် နိုင်ငံသားစိစစ်ခံလိုသည့် ဘင်္ဂါလီအရေအတွက်က တိုးလာနေသည်။ ဘင်္ဂါလီရာဂဏန်းမှာ နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့် အသီးသီးရရှိသွားပြီဖြစ်သည်။
ရခိုင်တိုင်းရင်းသားများက ဘင်္ဂါလီလူမျိုးများကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် စိစစ်ပေးရန် အစဉ်တစ်စိုက်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ဘင်္ဂါလီလူမျိုးများကို ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် တိကျမှန်ကန်စွာ စိစစ်ပေးရန် ရခိုင်တိုင်းရင်းသားများက တောင်းဆိုခဲ့ပြီး ယင်းဥပဒေနှင့်ညီညွတ်၍ နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်ရရှိသူများကိုလည်း ကန့်ကွက်စရာမရှိဟုဆိုသည်။
သို့သော် ယင်းဥပဒေနှင့် မညီညွတ်သူများကိုမူ ထိန်းသိမ်းရေးစခန်းများတွင်ထားရှိပြီး တတိယနိုင်ငံများသို့ ပို့ဆောင်ရန်လည်း ရခိုင်အမျိုးသားရေးအင်အားစုများက တောင်းဆိုထားခဲ့သည်။
ရခိုင်ပဋိပက္ခဖြစ်ပွားပြီး ၂ နှစ်ခန့်အကြာတွင်တော့ အစိုးရက မြေပုံမြို့နယ်ကို ရှေ့ပြေးစီမံကိန်းအဖြစ်သတ်မှတ်၍ ၁၉၈၂ နိုင်ငံသားဥပဒေကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ပြဿနာများ ပြေလည်စေရန် ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအကြံပြုချက်များထဲတွင် ၁၉၈၂ နိုင်ငံသားဥပဒေကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဆိုသည့် အချက်တစ်ချက်ပါဝင်သည်။
ဝေဖန်မှုများလည်းရှိခဲ့သည့် ၁၉၈၂ နိုင်ငံသားဥပဒေကို အစိုးရအနေဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိဆိုသည်မှာ စောင့်ကြည့်ရမည့်ကိစ္စတစ်ခု ဖြစ်လာသည်။
‘‘ဘင်္ဂါလီလို့ ခံယူသူတွေကိုတော့ ဥပဒေအရ တိတိကျကျ ဆောင်ရွက်နိုင်မယ်လို့ ယူဆတယ်’’ဟု စစ်တွေမြို့မိမြို့ဖဦးသန်းထွန်းကဆိုသည်။
မြေပုံမြို့နယ်တွင် ၁၉၈၂ နိုင်ငံသားဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ရာ လျှောက်လွှာတင်သွင်းသူ ၁၀၉၄ ဦးရှိသည်။ မြေပုံမြို့နယ်တွင် ဘင်္ဂါလီဦးရေစုစုပေါင်း သုံးထောင်ခန့်ရှိသည်ဟု ဒေသတွင်းအဖွဲ့အစည်းများက ဆိုသည်။
ယင်းလျှောက်လွှာများကို မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့်စိစစ်ခဲ့ရာ နိုင်ငံသားဖြစ်ခွင့် ၄၀ ဦးနှင့် နိုင်ငံသားပြုခွင့် ၁၆၉ ဦး ရရှိခဲ့သည်။ ၎င်းတို့၏ သားသမီးများသည်လည်း အလိုအလျှောက် နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်ကိုရရှိမည်ဖြစ်သည်။ ဒေသခံရခိုင်တိုင်းရင်းသားများကမူ နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်ရသူများတွင် သက်သေအထောက်အထားမခိုင်လုံသူများ၊ တိုင်းရင်းသားစကားမတတ်ကျွမ်းသူများ ပါဝင်နေကြောင်း ဝေဖန်ပြောဆိုကန့်ကွက်ခဲ့ကြသည်။
ယင်းကဲ့သို့ နိုင်ငံသားဖြစ်ခွင့်၊ ပြုခွင့်များပေးအပ်ပြီးနောက် မြေပုံမြို့နယ်တွင် ၁၉၈၂ ဥပဒေဖြင့် စိစစ်ရန် လူဦးရေ ၁၂၀ ခန့်က ထပ်မံလျှောက်လွှာတင်သွင်းခဲ့သည်။ ထို့အပြင် ဘင်္ဂါလီလူဦးရေ သုံးသိန်းခန့်ရှိသော ဘူးသီးတောင်မြို့နယ်တွင်လည်း ၁၉၈၂ ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းများကို အောက်တိုဘာလအတွင်း ဆက်လက်ပြုလုပ်သွားမည်ဟု ဒေသတွင်းအဖွဲ့အစည်းများကဆိုသည်။
အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေမှာ လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုကြသည်။ ကုလအဖွဲ့အပါအ၀င် နိုင်ငံတကာမှ ၁၉၈၂ ခုနှစ်ဥပဒေကို ပြင်ဆင်ပြီး ရိုဟင်ဂျာလူမျိုးများကို နိုင်ငံသားဖြစ်ခွင့်ပေးရန်အတွက် အကြိမ်ကြိမ်ဖိအားပေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း နိုင်ငံတော်သမ္မတအပါအ၀င် အစိုးရအဖွဲ့တာဝန်ရှိသူများက ရိုဟင်ဂျာတိုင်းရင်းသားဆိုသည်မှာ မြန်မာနိုင်ငံတွင်မရှိကြောင်းနှင့် ၁၉၈၂ ဥပဒေကို ပြင်ဆင်ရန်မလိုအပ်ကြောင်း အတိအလင်းပြောကြားထားသည်။
ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေးပါတီအချို့ကလည်း ၁၉၈၂ ဥပဒေသည် လူ့အခွင့်အရေးနှင့်ဆန့်ကျင်နေပြီး နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးကိုအခြေခံ၍ ဖြေရှင်းဆောင်ရွက်မှသာ ရခိုင်ပြဿနာကိုဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။
 ၁၉၈၂ ဥပဒေဖြင့် စိစစ်ခြင်းလုပ်ငန်းအပါအ၀င် ရခိုင်ပြဿနာကို ကိုင်တွယ်ရာတွင် နိုင်ငံတကာဖိအားပေးမှုများရှိပြီး ယင်းဖိအားများကြောင့်ပင် အစိုးရအနေဖြင့် ထိန်းသိမ်းဆောင်ရွက်နေရကြောင်း လေ့လာသူများက သုံးသပ်သည်။
 နိုင်ငံတော်သမ္မတထံ တင်သွင်းခဲ့သော ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာတွင်မူ ပြဿနာများဖြေရှင်းနိုင်ရန် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို စနစ်တကျ မှန်ကန်စွာ အသုံးပြုသွားရမည်ဖြစ်သည်။ နိုင်ငံတကာမှ ၁၉၈၂ ဥပဒေသည် ဘင်္ဂါလီလူမျိုးများကို တစ်ဖက်သက် တရားဝင်ဖိနှိပ်နိုင်သည်ဟု ပြောဆိုသော်လည်း ယင်းဥပဒေကို စနစ်တကျအကောင်အထည်ဖော်သွားပါက လက်ရှိပြဿနာအများစုကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း အကြံပြုထားသည်။
၁၉၈၂ ခုနှစ် ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ ဆယ်စုနှစ်ကာလအတွင်း မြန်မာနိုင်ငံနယ်နိမိတ်၌ ရှစ်နှစ်ဆက်တိုက် တစ်ဆက်တည်းနေထိုင်သူ၏ တတိယမျိုးဆက်သည် နိုင်ငံသားပြုခွင့်ရမည်ဖြစ်သည်။ ထို့အပြင် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၄၃ တွင် နိုင်ငံသားပြုခွင့်ရရှိသူသည် တိုင်းရင်းသားဘာသာစကားတစ်မျိုးမျိုး တတ်ကျွမ်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ရခိုင်အမျိုးသားရေးအင်အားစုများကမူ ပြီးခဲ့သည့်သန်းခေါင်စာရင်းအတွေ့အကြုံနှင့် နှိုင်းယှဉ်၍ ၁၉၈၂ ဥပဒေကို ရခိုင်ပြည်နယ်တစ်ခုလုံးတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်မလွယ်ကူနိုင်ကြောင်း သုံးသပ်သည်။ ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူရာတွင် ဘင်္ဂါလီလူမျိုးအများစုမှာ ရိုဟင်ဂျာဟုသာဖြေဆို၍ စာရင်းမကောက်ယူနိုင်ခဲ့ပေ။
စစ်တွေမြို့မိမြို့ဖ ဦးသာမွန်က ‘‘သိပ်မမျှော်လင့်ဘူး။ ဘင်္ဂါလီတွေများတဲ့နေရာမှာ သိပ်အောင်မြင်မယ်မထင်ဘူး။ အခုဟာက အခွင့်အရေးရမယ့်သူကိုခယပြီး လျှောက်ပါလို့ပြောနေရတဲ့ သဘောဖြစ်နေတယ်’’ဟု ဆိုသည်။
၁၉၈၂ ဥပဒေဖြင့် ဆောင်ရွက်ရာတွင် ဘင်္ဂါလီဟုပြောဆိုသူများကိုသာ စိစစ်မည်ဖြစ်ပြီး ရိုဟင်ဂျာဆိုသူများကို စိစစ်ခြင်းပြုလုပ်မည်မဟုတ်ပေ။ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး ၁ ဒသမ ၀၉ သန်းခန့်ရှိရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အားလုံးနီးပါးက ရိုဟင်ဂျာဟုသာ ဖြေဆိုခဲ့ကြသည်။ ယင်းအတွက်ကြောင့်ပင် ၁၉၈၂ ဥပဒေနှင့် စစ်ဆေးအပြီး ဘင်္ဂါလီဟုမခံယူသူများကို မည်သို့ဆောင်ရွက်မည်ဆိုသည်မှာ အရေးကြီးကိစ္စဖြစ်လာသည်။
‘‘အစိုးရမှာရှိတဲ့ အခွင့်အာဏာအပြည့်အ၀သုံးပြီး လုပ်နိုင်မယ်လို့ ယူဆတယ်။ ရိုဟင်ဂျာဆိုတဲ့သူတွေကိစ္စကို ပြတ်သားထိရောက်စွာကိုင်တွယ်ဖို့လိုတယ်’’ဟု ဦးသန်းထွန်းမှတ်ချက်ပြုသည်။

0 comments:

Post a Comment

 
Twitter Bird Gadget