Tuesday, October 29, 2013
အင်္ဂါနေ့ မြန်မာသတင်းများ ရုပ် / သံ
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မနေ့က
ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီး Francis နဲ့ တွေ့ဆုံပြီး သြ၀ါဒခံယူတဲ့သတင်း၊
KIO ဦးဆောင်ကျင်းပမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံ
ပထမဆုံးကြိမ် ညီလာခံ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အခြေအနေတွေကို ရှု့စားကြရမှာပါ
နိုင်ငံသားစိစစ်ရေး ကဒ်များ စမတ်ကဒ် အဖြစ်ပြောင်းမည်
မြန်မာနိုင်ငံမှာ
ပြည်သူလူထုတွေ လက်ရှိအသုံးပြုနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)
တွေကို နိုင်ငံတကာအဆင့်မီ စမတ်ကတ်အဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေပြီလို့
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ
ထုတ်ပေးနေတဲ့ ပန်းရောင် နိုင်ငံသားစိစစ်ရေးကပ်ပြာတွေဟာ အလွယ်တကူ
ပျက်စီးနိုင်ပြီး ပုံစံတူ မှတ်ပုံတင်အတုတွေ ပြုလုပ်နိုင်ခြေရှိတဲ့အတွက်
နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေအဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေတာလို့
ဆိုပါတယ်။
၂၀၁၄ ပြည်လုံးကျွတ်
သန်းခေါင်စာရင်းကောက်ယူပြီး နောက်ပိုင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ
စမတ်ကတ်တွေ ပြောင်းလဲထုတ်ပေးနိုင်အောင် စီစဉ်နေတာလို့
ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီဌာန
ညွှန်ကြားရေးမှူး ဦးကြည်လင်းက ဒီဗွီဘီကို ပြောပါတယ်။
“၂၀၁၄
သန်းခေါင်စာရင်းပြီးရင် အဓိကကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲစာရင်းပြုစုတဲ့
အခါမှာ မထပ် မကျန်အောင် လူစာရင်းတွေ ပါအောင် အထောက်အကူပြုမှာပါ။ လူဦးရေ
အပေါ်မှာ ထပ်ပြီးရလာမယ့် အကျိုးအကျေးဇူး အားလုံး၊ ၀န်ကြီးဌာနအားလုံးကို
အထောက်အကူ ပြုနိုင်မယ်။ နိုင်ငံတော်အတွက်လည်း အထောက်အကူပြုမယ်။ စိစစ်ရေး
ကတ်ပြားတွေ စမတ်ကတ်တွေ ဖြစ်လာမယ်။ နောက် ပီအာရ် စနစ်တွေ ဆက်တိုက်လာမှာပေါ့။
ဒါပေမယ့် နိုင်ငံတော်ရဲ့ ကြွယ်ဝချမ်းသာမှုအပေါ်မှာ မူတည်တာပေါ့။
လုပ်ပေးနိုင်တဲ့ အချက်အလက်တွေ အများကြီးထုတ်ထားပြီးပြီ။ နိုင်ငံတိုင်းမှာ
စမတ်ကတ်တွေပဲ သုံးတော့တယ်။ ရေစိုပျက်တာတို့ ဘာတို့ သက်သာတယ်။
တာရှည်ရေရှည်အသုံးပြုနိုင်တယ်။”
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ
အပါအ၀င် ဒေသတွင်းနိုင်ငံတွေမှာ မှတ်ပုံတင်ကတ်ပြားတွေကို ကွန်ပျူတာစနစ်သုံး
စမတ်ကတ်တွေအဖြစ် အသုံးပြုနေတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ကတ္ထူစက္ကူနဲ့
လုပ်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကိုပဲ အသုံးပြုနေကြတာပါ။
ရန်ကုန်မှာ စမတ်ကတ်တွေ
လုပ်ပေးနေတဲ့ ဒစ်ဂျစ်တယ် ကောဒစ် ကုမ္ပဏီပိုင်ရှင် ဦးအောင်သပြေကတော့
အချက်အလက်တွေ ထည့်သိမ်းဆီးထားနိုင်တဲ့ နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေကို
သုံးသင့်တယ်လို့ ပြောပါတယ်။
“လုပ်မယ်ဆိုရင်
အကောင်းဆုံးကတော့ တကယ့် စမတ်ကတ်အစစ် အချက်အလက်တွေလည်း ထည့်ထားရမယ်။
နိုင်ငံတော် ဗဟိုအဆင့်မှာ ပြည်သူလူထုရဲ့ အချက်အလက်တွေကို ထည့်ထားမယ်။
ဒါတွေကို တိုက်ဆိုင်စစ်ဆေးမယ်၊ အဲဒီအဆင့်ထိ လုပ်နိုင်ရင် အကောင်းဆုံးပေါ့။
မြန်မာပြည်မှာ အခု မှားယွင်းနေတာက ဘာမှ ကွန်ပျူတာနဲ့ သုံးလို့မရတဲ့
ပလတ်စတစ်ကတ်ကို စမတ်ကတ်လို့ ခေါ်နေတာက မှားယွင်းနေတာပေါ့။ သူတို့
ပြောတဲ့စမတ်ကတ်ဟာ ရိုးရိုး ပလတ်စတစ်ကတ်ပဲလား၊
ကွန်ပျူတာလုံခြုံရေးစနစ်တွေနဲ့ သုံးနေတဲ့ မခွဲခြားနိုင်လို့ ဖြစ်မှာပေါ့။”
၁၉၈၂ ခုနှစ်
နိုင်ငံသားဖြစ်မှု ဥပဒေပေါ်ပြီးနောက်ပိုင်း ၁၉၈၅ ခုနှစ်ကစပြီး
နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခဲ့တာဖြစ်ပြီး
မြန်မာတနိုင်ငံလုံးအတိုင်အတာနဲ့ ကတ်ပြားပေါင်း ၃၉ သန်းကျော်
ထုတ်ပေးထားတယ်လို့ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်
ဦးစီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေ
သန်း ၆၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် လက်ရှိလူဦးရေ
စာရင်းအတိအကျကိုတော့ လာမယ့်နှစ် မတ်လမှာ ပြုလုပ်မယ့်
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်မှုအပြီးမှာမှ အတည်ပြုနိုင်မှာ
ဖြစ်ပါတယ်။
မန္တလေး အပါအဝင် မြို့ခြောက်မြို့တွင် ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်မည်
ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဆင့်မြင့်
ကွန်တိန်နာဆိပ်ကမ်း ခြောက်ခုကို မန္တလေးမြို့တော် အပါအဝင် မြို့ကြီးများ၌
တည်ဆောက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေး
ဝန်ကြီးဌာန ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက ပြောကြားသည်။
မန္တလေးမြို့တော် ကမ်းနားလမ်းပေါ်တော်မူ ဘုရားရင်ပြင်တော်တွင် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သော ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆန်းစစ်လေ့လာ အကဲဖြတ်ခြင်း လူထုတွေ့ဆုံ ရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ယင်းဆိပ်ကမ်းများအနက် မန္တလေးမြို့တော် ဆိပ်ကမ်းမြေနေရာမှာ လျာထားပြီးဖြစ်ကာ မြေဧရိယာ ၃၁ ဒသမ ၃၉ ဧကတွင် ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်းမှာ ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။
မန္တလေးမြို့တော်တွင် တည်ဆောက်မည့် အဆင့်မြင့် ကွန်တိန်နာဆိပ်ကမ်း ပြီးစီးပါက တစ်နှစ်လျှင် ယေဘုယျ ကုန်စည် တန်ခြောက်သိန်း၊ ထုထည် ကုန်စည်နှင့် အရည်ကုန်စည် တန်ချိန် တစ်သန်း ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း ယင်းစီမံကိန်းအတွက် လူမှုစစ်တမ်းနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စစ်တမ်း ကောက်ယူနေသည့် Royal Tree Services တာဝန်ရှိသူ ဦးတင်အောင်မိုးက ရှင်းပြသည်။
မန္တလေးမြို့တော်တွင် ဆောက်လုပ်မည့် ဆိပ်ကမ်း မြေနေရာသည် ဒေသခံတောင်သူ ခုနစ်ဦးနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးတို့ ပိုင်ဆိုင်ခြင်း ဖြစ်ပြီး ယင်းစီမံကိန်း အကောင်အထည် ဖော်ဖြစ်ပါက သင့်လျော်သော မြေယာ လျော်ကြေးကို ပေးမည်ဖြစ်ကာ မတန်တဆ လျော်ကြေးများပေးရန် အစီအစဉ် မရှိကြောင်း ဝန်ကြီးဦးကျော်ဆန်းက တောင်သူတစ်ဦး၏ မေးမြန်းမှုကို ဖြေကြားသည်။
အဆိုပါ ဆိပ်ကမ်း စီမံကိန်းကို မန္တလေးမြို့ ရတနာပုံ သင်္ဘောကျင်း တောင်ဘက်ကွင်းအမှတ် ၆၀၅ တွင် တည်ဆောက်မည် ဖြစ်ပြီး ယင်းစီမံကိန်းနှင့် ဆက်စပ်မြေကွက်များမှာ တစ်ဧကလျှင် ကျပ်သိန်း ၁၂၀၀ ဝန်းကျင် ပေါက်ဈေး ရှိကြောင်း အဆိုပါ ဒေသခံတောင်သူများထံမှ သိရသည်။
ဆိပ်ကမ်း ဆောက်လုပ်ရန် လျာထားသည့် မြေ ၃၁ ဒသမ ၃၉ဧကတွင် ဂရိတ်ဝေါ ကုမ္ပဏီက ဧက ၂၀ ကျော် ပိုင်ဆိုင်ပြီး ကုမ္ပဏီပိုင် ဆိပ်ကမ်း ဆောက်လုပ်ရန်အတွက် တောင်သူများထံမှ ဝယ်ယူထားခြင်း ဖြစ်ကြောင်း ဂရိတ်ဝေါ ကုမ္ပဏီလုပ်ငန်းရှင် ဦးတင်မောင်က ပြောကြားသည်။
“အဆင့်မြင့် ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်မယ်ဆိုတာ ကောင်းပါတယ်။ ကုန်စည် သယ်ယူပို့ဆောင်ရာမှာလည်း မြန်ဆန်လာမယ်လို့ ထင်ပါတယ်” ဟု မန္တလေးမြို့မှ ဗန်းမော်သို့ ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။
ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အဆင့်မြင့် ကွန်တိန်နာ ဆိပ်ကမ်းတည် ဆောက်ရာတွင် ဧရာဝတီမြစ် အခြေပြုဖြစ်သည့် မန္တလေး၊ ဗန်းမော်၊ မြင်းခြံ၊ ပခုက္ကူမြို့နှင့် ချင်းတွင်းမြစ် အခြေပြုသည့် မုံရွာ၊ ကလေးဝမြို့တို့၌ တည်ဆောက်သွားမည် ဖြစ်ကြောင်း ဦးထွန်းလွင်ဦးက ပြောကြားသည်။

Monday, October 28, 2013
ဦးရွှေမန်း အခုလို ပြောခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ကို ပြိုင်ဘက် အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ် ~ စည်သူအောင်မြင့်
သမ္မတတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် သူဝင် အရွေးခံ မခံ ဆိုတာကို သူကိုယ်တိုင် ပြည်သူတွေကို အသိပေး ပြောကြားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။
ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် ဝင် အရွေးမခံ တော့ဘူးလို့ သူ့ကို ပြောခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ရက်နေ့မှာ လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောဆိုခဲ့အပြီး ၂ရက်အကြာမှာ သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က အခုလို တုန့်ပြန် ပြောလိုက်တာပါ။
သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက်ဟာ သမ္မတနဲ့ ကြိုတင် သဘောတူပြီး ထုတ်ပြန်ခဲ့တာ မဟုတ်ဘူးလို့လည်း ဦးရဲထွဋ်က ပြောပါတယ်။
ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်ကတော့ လုပ်ထုံး လုပ်နည်းအရ သူရ ဦးရွှေမန်းအနေနဲ့ ဒီလို ထုတ်ဖေါ် မပြောသင့်ဘူးလို့ သုံးသပ်ပါတယ်။သမ္မတနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေ ရှိနေတယ်လို့ အများက ယူဆနေ ချိန်မှာပဲ အခု ဒီကိစ္စ ပေါ်ပေါက်ခဲ့တာပါ။သမ္မတနဲ့ လွှတ်တော်အကြားမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ ဆိုင်ရာ ခုံရုံး ကိစ္စ အငြင်းပွားတာမျိုး ဖြစ်ခဲ့သလို ငြိမ်းချမ်းရေး အကောင်အထည် ဖေါ်ရေး လုပ်ငန်းစဉ်တွေကို သူရ ဦးရွှေမန်းက စိတ်ကြေနပ်မှု မရှိတာကြောင့် အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး အစည်းအဝေးတွေ ခေါ်ဖို့ တောင်းဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။
ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီတခုတည်းက ပြိုင်ဘက် အချင်းချင်း သူရ ဦးရွှေမန်း အခုလို ပြောခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ကို ပြိုင်ဘက် အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ် လို့ ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်က သုံးသပ်ပါတယ်။
အတုများပေါ်လာပြီးနောက် ဂျပန်လူငယ်များ မိန်းမအစစ်ကို အချစ်တော့သဖြင့် မီဒီယာများမှ လူငယ်များကို လိင်မှုကိစ္စကို စိတ်ဝင်စားရန် ဆော်ဩလာ
ဂျပန်တွင် ယခုအခါ အမျိုးသမီးများထက် ကွန်ပျူတာနှင့် အတုအယောင်
ဂိမ်းဇာတ်ရုပ်များကို ပိုမိုစွဲလမ်း ချစ်ခင်သည့် အိုတာကူခေါ်
အမျိုးသားထုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။
မီးခလုတ်များကို လိုက်ပိတ်ပြီးနောက်
အခန်းတံခါးကို ဆွဲပိတ်ကာ သော့ခတ်လိုက်သည်။ ထိုအခန်းကို မည်မျှအချိန်ကြာကြာ
ပိတ်ထားရမည် မသိသေး။ ဂျပန်နိုင်ငံ၊ ဟော်ကိုင်ဒိုရှိ ဆေးရုံတစ်ခုမှ
သားဖွားဆောင် အခန်းကို ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ယင်းသည်
ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ပြီး
ဆန်းကျယ်သော အကြောင်းအရာ တစ်ခု၏ ဂယက်ရိုက်ခတ်မှုဟုလည်း ဆိုနိုင်သည်။
အာရှတိုက်၏ အထင်ကရ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးတွင် လူငယ်များ
ကလေးမွေးဖွားနှုန်း သိသိသာသာ လျော့နည်းလာသည်။ အဘယ်ကြောင့်နည်း။ အဖြေက
အမျိုးသားများက အမျိုးသမီး အစစ်များကို စိတ်မဝင်စားတော့၍ ဖြစ်လေသည်။
ဂျပန်နိုင်ငံတွင် (၂၀၆၀)ပြည့်နှစ်၌ လက်ရှိလူဦးရေ၏ (၃)ပုံ(၁)ပုံမျှ လျော့နည်းသွားနိုင်ကြောင်း သုတေသီများက သတိပေးထားသည်။ အကြောင်းအမျိုးမျိုးကြောင့် ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာပြီး ယင်းတို့အနက် အထူးခြားဆုံးနှင့် အဆီအငေါ် အတည့်ဆုံး ပြဿနာ တစ်ရပ်မှာ လူငယ် အမျိုးသားများက လူငယ်အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု နည်းပါးသွားခြင်း ဖြစ်သည်။ ဂျပန်တွင် ယခုအခါ အမျိုးသမီးများထက် ကွန်ပျူတာနှင့် အတုအယောင် ဂိမ်းဇာတ်ရုပ်များကို ပိုမိုစွဲလမ်း ချစ်ခင်သည့် အိုတာကူခေါ် အမျိုးသားထုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့သည် လိင်သာယာမှုကို လက်တွေ့လောကထက် အတုအယောင် လောကတွင်သာ ရှာဖွေ ပျော်မွေ့နေသူများလည်း ဖြစ်ကြသည်။
ဂျပန်နိုင်ငံတွင် ဂိမ်းနှင့် ကာတွန်းဇာတ်ရုပ် မိန်းကလေးများကို စွဲလမ်းနှစ်သက်မှုသည် တရိပ်ရိပ် တိုးပွားလာနေသည်။ လူဦးရေ (၃၅)သန်း နေထိုင်သည့် တိုကျိုမြို့တော်ကြီးတွင် အိုတာကူ လူတန်းစားတစ်ရပ် လျင်လျင်မြန်မြန် ကျယ်ပြန့်ဖြစ်တည်လာခဲ့သည်။ တိုကျိုတွင် အေကီဟာဘာရာဆိုသော အရပ်ဒေသ တစ်ခုရှိသည်။ ယင်းကို အိုတာကူတို့၏ နိဗ္ဗာန်ဘုံဟု တင်စားကြသည်။ အသက်(၂၀)ဝန်းကျင် လူငယ်များသည် ကိုယ်ပိုင် ဖန်တီးထားသည့် စိတ်ကူးယဉ် ကမ္ဘာငယ်များဖြင့် အေကီဟာဘာရာတွင် ပျော်မွေ့နေကြသည်။ ယင်းနေရာတွင် Anime ကာတွန်းနှင့် ဂိမ်းအမျိုးမျိုးကို စုံလင်စွာ ရွေးချယ် ဝယ်ယူနိုင်ပြီး ဂိမ်းချစ်သူများ အကြိုက်ဆုံး ဆွဲဆောင်မှုလည်း ဖြစ်နေသည်။ ထို့နောက်ပိုင်းတွင် 3Dနည်းပညာဖြင့် ဖန်တီးထားသည့် အမျိုးသမီးငယ် ပုံရိပ်များသည် လူငယ် အမျိုးသားတို့၏ စိတ်အာရုံကို အဓိက လွှမ်းမိုး ချုပ်ကိုင်သွားတော့သည်။
"ခုချိန်မှာ ဂျပန်က အမျိုးသားလူငယ် တော်တော်များများဟာ လိင်မှုဘဝနဲ့ သွေးသားဆာလောင်မှုမှာ ထုံထိုင်းမှိုင်းဝေပြီး တက်ကြွမှု တော်တော် နည်းသွားပြီ"ဟု ဂျပန် မိသားစု စီမံကိန်းဌာနမှ ကူနီယို ကီတာမာရာက မှတ်ချက်ပြုခဲ့သည်။ ဂျပန်တွင် ချစ်သူစုံတွဲ အဖြစ်မှ ပြတ်စဲလမ်းခွဲမှုများ သိသာစွာ မြင့်တက်လာသလို (၂၀၁၀)ပြည့်နှစ်က ဂျပန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ကောက်ယူသည့် စစ်တမ်းတွင် အသက်(၁၆)နှစ်မှ (၁၉)နှစ်ကြား အမျိုးသား လူငယ်များ၏ (၃၆)ရာခိုင်နှုန်းသည် လိင်ကိစ္စကို လုံးဝ စိတ်မဝင်စားတော့ကြောင်း တွေ့ရှိလာခဲ့သည်။ ယင်းသည် (၂၀၀၈)ခုနှစ်ကထက် (၂)ဆတိုးလာခြင်းလည်း ဖြစ်သည်။ လက်ရှိတွင် အမျိုးသား လူငယ်များ၏ ချစ်ခြင်းမေတ္တာသည် အတုအယောင် မိန်းကလေးများအတွက်သာ ဖြစ်တည်နေတော့သည်။
"အိုတာကူ နှစ်ယောက်ကို တွေ့ဖူးတယ်။ သူတို့နှစ်ယောက်လုံးက အတုအယောင် မိန်းကလေးတွေရဲ့ ချစ်သူအဖြစ်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားကြတာပါ။ တကယ်တော့ သူတို့ရဲ့ ချစ်သူဆိုတာ Nintendo ဂိမ်းထဲက မိန်းကလေးတွေပါပဲ"ဟု BBCမှ အနီတာ ရာနီက ပြောကြားခဲ့သည်။ Love Plus အမည်ရှိ ကွန်ပျူတာဂိမ်းသည် သေးငယ်ပေါ့ပါးသည့် Tablet ကွန်ပျူတာလေးများတွင် ဆော့ကစားရလေ့ ရှိသော ချစ်သူရည်းစားထားသည့် ဂိမ်းမျိုးဖြစ်သည်။ နူရီကန်နှင့် ယူဂီတို့သည် ရင်ကိုနှင့် နီနီဟု အမည်ပေးထားသည့် ကွန်ပျူတာဂိမ်း ချစ်သူနှစ်ဦးမှလွဲလျှင် မည်သည့် မိန်းကလေးကိုမျှ စိတ်မဝင်စားကြချေ။ ပန်းခြံထဲတွင် ချိန်းတွေ့ရန်၊ ချစ်သူကို မွေးနေ့လက်ဆောင် ကိတ်မုန့်ဝယ်ပေးရန် Love Plusက လမ်းဖွင့်ပေးထားပြီး ယင်းဘဝတွင်ပင် သာယာနေကြသည်။
"ကျွန်တော်တို့ အထက်တန်း ကျောင်းသား ဘဝကတည်းက စိတ်ကူးယဉ်ထားတဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်နေပြီလေ"ဟု နူရီကန်က ဂုဏ်ယူစွာ ဆိုသည်။ ၎င်းသည် ဂိမ်းကစားတိုင်း အသက်(၁၅)နှစ်အရွယ် ခံစားချက်မျိုးဖြင့် တက်ကြွနေသော်လည်း လက်တွေ့တွင် အသက်(၃၈)နှစ် ရှိနေပြီ ဖြစ်သည်။ အိမ်ထောင်ပြုရန် စိတ်မဝင်စားဘဲ ၎င်း၏ စိတ်ခံစားချက် အားလုံးကို ဂိမ်းထဲမှ မိန်းကလေး ရင်ကိုထံတွင်သာ နူရီကန်က မြှုပ်နှံပေးထားသည်။ "ကျွန်တော် အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် ကျွန်တော့် အချစ်ရေးက တည်မြဲနေမှာပဲလေ"ဟု အသက်(၃၉)နှစ် ရှိပြီဖြစ်သော ယူဂီက ပြောဆိုခဲ့သည်။ ၎င်းက "ဂိမ်းထဲမှာ ကျွန်တော်တို့ တူတူ ကျောင်းသွားကြတယ်။ ကျောင်းဆင်းရင် ဂိတ်ပေါက်မှာ ချိန်းထားပြီး ကျွန်တော်တို့တူတူ ပြန်လာတယ်။ ဒီဂိမ်းထဲမှာ ကျွန်တော့်အသက်က (၁၇)နှစ်လေ"ဟုလည်း ယူဂီက ဆိုသည်။
၎င်းသည် ဂိမ်းထဲမှ ချစ်သူမိန်းကလေး နီနီနှင့် အပြင်လောကတွင် တွေ့ဆုံရသည်ဟု စိတ်ကူးယဉ်ဖူးကြောင်းလည်း ယူဂီက ဝန်ခံခဲ့သည်။ နူရီကန်နှင့် ယူဂီတို့၏ စွဲလမ်းမှုအရ အိုတာကူ ပြဿနာသည် လူငယ်ပိုင်းတွင်သာမက၊ လူလတ်ပိုင်းသို့ပါ ကူးစက်လာကြောင်း ထင်ရှားလျှက်ရှိသည်။ ဂျပန်နိုင်ငံတွင် စုံတွဲများထံ ကောက်ယူသော စစ်တမ်းအရ ဖိုမဆက်ဆံမှုသည် သိသာစွာ ကျဆင်းလာနေကြောင်းလည်း သတင်းများက ဆိုသည်။ စုံတွဲ အားလုံး၏ (၂၇)ရာခိုင်နှုန်းကသာ ၎င်းတို့အနေဖြင့် အပတ်စဉ် ချစ်တင်းနှီးနှောဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။ လက်ထပ်မှုနှုန်းမှာလည်း ဆုတ်ယုတ်လာနေသလို ကလေးမွေးဖွားမှုနှုန်းလည်း နည်းပါးသွားသည်။ အခြေတကျ လက်မထပ်မီ ကလေးယူမှုသည် (၂)ရာခိုင်နှုန်းအောက်သာ ရှိတော့သည်။
ဂျပန်မီဒီယာ အများအပြားကလည်း လက်ရှိ အခြေအနေကို ဝေဖန် ရေးသားမှုများ ပြုလုပ်နေပြီး ဂျပန် အမျိုးသားများ အနေဖြင့် ပိုမို၍ လူလားမြောက်ပြီး လိင်မှုကိစ္စကို စိတ်ဝင်စားရန် ဆော်ဩလာကြသည်။ ဂျပန် လူမှုရေး သုတေသီ အချို့ကမူ နိုင်ငံ၏ လူဝင်မှု စည်းမျဉ်းများ တင်းကျပ်လွန်းပြီး ကမ္ဘာအရပ်ရပ်နှင့် ထိတွေ့မှု အပိုင်းတွင် အကဲဆတ်လွန်းခြင်းကလည်း ယခုပြဿနာများ၏ တစ်စိတ် တစ်ဒေသဟု သုံးသပ်ထားကြသည်။

ဥရောပ တတိယခရီးစဉ်တွင် မိုက်ကယ်အဲရစ်အုတ်ဂူသို့ ဒေါ်စု သွားရောက်ဂါရ၀ပြုခဲ့
ဥရောပ(၅)နိုင်ငံခရီး စဉ်ထွက်နေတဲ့ ဒေါ်စုအနေဖြင့် အောက်တိုဘာ ၂၃ ရက်နေ့တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိသွားပြီး ဗြိတိသျှအိမ်ရှေ့ မင်းသားချားလ်စ် နှင့်တွေ့ဆုံခဲ့ပါသည်။ထို့နောက် သူမ၏ကိုယ်ပိုင် သီးသန့်ဒရိုင်ဘာ မောင်းနှင်လာသော ကားနှင့် ပြန်လည်ထွက်ခွါသွားပါသည်ဟု looktothestars က ဖော်ပြခဲ့ပါသည်။ အောက်တိုဘာ ၂၄ ရက်နေ့တွင်မူ မြောက်အိုင်ယာလန်သို့ ရောက်ရှိနေပြီး ၂၅ ရက်နေ့ ညပိုင်းတွင် Sandhurst (ဆန်းဒတ်စ်) တော်ဝင်စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းများနှင့်တွေ့ဆုံပြီး မိန့်ခွန်းပြောကြားကာ စစ်တက္ကသိုလ်တွင် လေ့လာရေးပြုလုပ်ခဲ့ပါသည်။
အောက်တိုဘာ ၂၆ နှင့် ၂၇ ရက်များသည် စနေ၊တနင်္ဂနွေရုံးပိတ်ရက်များဖြစ်သဖြင့် သူမ၏ ကိုယ်ပိုင်အားလပ်ချိန်အား ဗြိတိန်တွင် အနားယူမည်ဟုကြေငြာခဲ့ပါသည်။အဆိုပါနေ့များတွင် ဒေါ်စုသည် မီဒီယာမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ ပါသည်။သို့သော် အဆိုပါနေ့ရက်များတွင် ၄င်း၏မိသားစုဝင်များနှင့် တွေ့ဆုံသည်ဟု သတင်းမထုတ်ပြန်သော်လည်း သားငယ် ကင်အဲရစ်နှင့် တွေ့ဆုံခဲ့သည့်အပြင် မိတ်ဆွေဟောင်းများနှင့်လည်း ရှေးဟောင်းလက်ရာ အဆောက်အဦ သဏ္ဍာန်ရှိသော ဟိုတယ်တစ်ခုတွင်းရှိ VIP အခန်းတွင် ညစာအတူစားခဲ့သည်ဟုဆိုပါသည်။ ဒေါ်စုသည် ဗြိတိန်၌ရှိနေစဉ် ကိုယ်ပိုင်သီးသန့် ဒရိုင်ဘာတစ်ဦး မောင်းနှင်သော ကားတစ်စီးတည်းဖြင့်သာ လည်ပတ်မှု ပြုလုပ်ခဲ့သည်။ထို့အပြင် ဒေါ်စုသည် နှင်းဆီပန်းအနီတစ်ပွင့်ကို ကိုင်ဆောင်လျှက် ခရီးတိုတစ်ခုသွားခဲ့သည် ဟုလည်း ဆိုပါသည်။ ထိုခရီးတိုအတွက် ဒေါ်စုသည် သူမအား မီဒီယာများ၏ စောင့်ကြည့်မှု ကင်းလွတ်စေရန် ချာလ်းမင်းသားကြီး အား အကူအညီတောင်းခဲ့သဖြင့် ချားလ်မင်းသား၏ ကိုယ်ရံတော်အဖွဲ့မှ လိုက်လံစောင့်ရှောက်ပေးခဲ့မှုဖြင့် ကွယ်လွန်သူ ခင်ပွန်းမိုက်ကယ်အဲရစ်၏ အုတ်ဂူထံ သွားရောက်ပြီး နှင်းဆီပန်းတစ်ပွင့်ဖြင့် ဂါရ၀ပြုခဲ့ခြင်းဖြစ်သည်ဟုသိရပါသည်။ဒေါ်စုသည် ယင်းကဲ့သို့ သွားရောက်ခဲ့ရာတွင် သူမ၏ ဗြိတိသျှမိတ်ဆွေ အနည်းအကျဉ်းဖြင့်သာ သွားရောက်ခဲ့ပြီး သားငယ် ဖြစ်သူ ကင်အဲရစ်(ခေါ်)မောင်ထိန်လင်းမှာမူ လိုက်ပါခဲ့ခြင်းမရှိဟု ဗြိတိန်နိုင်ငံရောက် မြန်မာပညာတတ် အသိုင်းအ၀ိုင်းများ ထံမှသိရှိရပါသည်။
နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌ ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ခုံးကျော်တံတားကို ယခုလကုန်တွင် စတင်အသုံးပြုခွင့် ရမည်
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရန် တည်ဆောက်လျက်ရှိသည့် ခုံးကျော်တံတား စီမံကိန်းများအနက်
နှစ်ထပ်တည်ဆောက်လျက်ရှိသည့် ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်း၌
ဘုရင့်နောင်လမ်းမကြီးပေါ် ဖြတ်သန်းတည်ဆောက်ထားသည့် ဘုရင့်နောင်
ခုံးကျော်တံတားကို အောက်တိုဘာလကုန်တွင် စတင်အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း
ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။
"ဘုရင့်နောင် လမ်းမကြီးပေါ်မှာ တည်ဆောက်ထားတဲ့ အောက်ကဘုရင့်နောင် ခုံးကျော်တံတားကို ဒီလကုန်မှာစပြီး ဖြတ်သန်းခွင့်ရမှာ ဖြစ်ပါတယ်။ သမိုင်းဘူတာရုံ လမ်းပေါ်က ခုံးကျော်တံတားကတော့ အသုံးပြုခွင့် မရသေးပါဘူး" ဟု ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားခဲ့သည်။
ဘုရင့်နောင် ခုံးကျော်တံတားသည် နှစ်ထပ်တံတား စီမံကိန်းဖြစ်ပြီး ဘုရင့်နောင် လမ်းမကြီးပေါ်တွင် တစ်စင်း၊ သမိုင်းဘူတာရုံ လမ်းပေါ်တွင် တစ်စင်း တည်ဆောက်လျက်ရှိကြောင်း၊ ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းကို ၂၀၁၂ ခုနှစ် စက်တင်ဘာလကုန်က စတင်ခဲ့ပြီး FMI Co.,Ltd မှ ဆောက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၂၁ ဘီလျံ ရှိနိုင်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထို့ပြင် ရန်ကုန်မြို့တွင် တည်ဆောက်နေဆဲ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားများကို လာမည့်ဒီဇင်ဘာ အပြီးတည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားထားကြောင်း သိရသည်။
"ဘုရင့်နောင် ပွဲရုံဝင်းထဲမှာရော၊ လမ်းမကြီးမှာပါ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပါတယ်။ ခုံးကျော်တံတား တည်ဆောက်နေတော့ ပိုကျပ်တယ်။ ဒါပေမဲ့ လမ်းမကြီးပေါ်က တံတားက ဒီလကုန် ဖြတ်သန်းခွင့် ရတော့မှာဆိုတော့ လက်ရှိကြုံတွေ့နေတဲ့ ယာဉ်ကြောပိတ်ဆို့မှု လျော့သွားမှာပါ။ ၀င်းထဲမှာလည်း နေ့စဉ်နဲ့အမျှ ယာဉ်ထိန်းတွေနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်" ဟုလည်း ဦးခင်ဟန်က ဆက်လက်ပြောကြားသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းသက်သာစေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားလေ့ရှိသည့် လှည်းတန်းလမ်းဆုံ၌ လှည်းတန်းခုံးကျော်တံတား တည်ဆောက်ခဲ့ရာ ၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်က စတင်အသုံးပြုခွင့် ရခဲ့ကြောင်း၊ လက်ရှိတည်ဆောက်ဆဲ ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းများမှာ ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ဘုရင့်နောင် ခုံးကျော်တံတားမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်တွင် စတင်အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းအား အောက်တိုဘာ ပထမပတ်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနယ်စပ်ဂိတ်များကို နိုင်ငံတကာ ဂိတ်ပေါက်အဖြစ် တိုးချဲ့မည်
မြန်မာ နိုင်ငံနှင့် နယ်စပ်ဂိတ်များ အားလုံးကို ၂၀၁၄ခုနှစ် နောက်ဆုံး ထားကာ နိုင်ငံတကာဂိတ်ပေါက် များအဖြစ် လွတ်လပ်စွာသွားလာ ခွင့်ပြုရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ် ရေး နှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောသည်။ လက်ရှိ နယ်စပ်ဂိတ်ပေါက် လေးခုကိုသာ နိုင်ငံတကာဂိတ်အ ဖြစ် ဝင်ထွက်ခွင့်ပြုနေပြီး လာမည့် ၂၀၁၄ခုနှစ်နောက် ဆုံးထားကာ အာဆီယံမူ ဘောင် အတိုင်း ခွင့်ပြု သွားရန် လုပ်ဆောင် မည်ဟု အောက် တိုဘာ၂၆ရက်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပ သည့် ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ ခြင်းဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန ပြည် ထောင် စုဝန်ကြီး ဦးခင်ရီက''ကရင် ပြည်နယ်ဘက်က ဂိတ်ပေါက်လေး ခုကို အရင်ခွင့်ပြုတယ် ဆိုတာက အဲဒီဒေသတွေက ငြိမ်းချမ်းသွား ပြီဆိုတဲ့အတွက် အရင်ခွင့်ပြုထား တာ၊ တခြား နယ်စပ်ဂိတ် ၁၂ခုကို လဲ တစ်ဖက်နိုင်ငံတွေနဲ့ပြောဆို ထားတဲ့အတွက် ၂၀၁၄ထက်တော့ နောက်မကျပါဘူး''ဟုဆိုသည်။ နိုင်ငံတကာဂိတ်ပေါက် အ ဖြစ် ဖွင့်လှစ်ထားသော ဂိတ်များ မှာ ထီးခီး-ဖွန်နရွန်၊ တာချီလိတ်- မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့ သောင်း-ရနောင်းဂိတ်ပေါက်များ ဖြစ်ပြီး ယင်းနေရာများမှတစ်ဆင့် Passport ကိုင်ဆောင်ထားသူများ မှာ နိုင်ငံတွင်း မည်သည့်နေရာ တွင်မဆို လွတ်လပ်စွာသွားလာခွင့် ရှိမည်ဖြစ်သည်ဟု သိရသည်။
Subscribe to:
Posts (Atom)