မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ အထက် ကြွယ်ဝချမ်းသာသူပေါင်း ၃၉ ဦးရှိကြောင်း Knight Frank ၏ ကြွယ်ဝချမ်းသာမှု အစီရင်ခံစာတွင် ဖော်ပြ
ယင်းခန့်မှန်းမှုမှာ ချမ်းသာကြွယ်ဝမှုကို ဖန်တီးနိုင်မှု အခြေအနေနှင့် စီးပွားရေးလမ်း ပွင့်လာမှုအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ၎င်းအပြင် နိုင်ငံရေး ပြောင်းလဲမှု အကြီးအကျယ် ဖြစ်ပေါ်လာခြင်း၊ ပိတ်ဆို့ခံထားရမှုများ လျော့ကျလာခြင်းနှင့် ဖွံ့ဖြိုးရေး စီမံချက်များအတွက် ရန်ပုံငွေ ရရှိရန် အာမခံချက်များ ရရှိလာခြင်းတို့ကိုလည်း ထည့်သွင်းတွက်ချက်ထားသည်။ မြန်မာနိုင်ငံ၌ နိုင်ငံခြား ကုမ္ပဏီများ အကြီးအကျယ် လာရောက်ရင်းနှီး မြှုပ်နှံမည်ဖြစ်ပြီး အခြေခံ အဆောက်အအုံများ၊ စွမ်းအင်ကဏ္ဍ၊ နိုင်ငံတကာ ဘဏ်လုပ်ငန်းနှင့် ပညာရေး ကဏ္ဍတို့ ဖွံ့ဖြိုးတိုးတက်လာရန် အလားအလာကောင်းများရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းကဏ္ဍများတွင် ပုဂ္ဂလိက လုပ်ငန်းစုများသည် နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဆိုသည်။
အင်္ဂလန်နိုင်ငံ၏ အိမ်ခြံမြေဆိုင်ရာ ထိပ်တန်းဂျာနယ် တစ်စောင်ဖြစ်သော Prime Resi မှ ထုတ်ဝေခဲ့သော စစ်တမ်းတစ်ရပ်တွင်လည်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့နှင့် အခြားနေရာများတွင် အိမ်ခြံမြေကဏ္ဍ၌ မြန်မာတို့၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ များပြားလာနေပြီး ၂၀၀၃ ခုနှစ် ဧပြီလအထိ အမေရိကန်ဒေါ်လာ သုံးသန်းနှင့်အထက် တန်ဖိုးရှိသော အိမ်ခြံမြေများ ၀ယ်ယူမှု၏ တစ်ရာခိုင်နှုန်းသည် မြန်မာများဖြစ်ကြောင်း သိရသည်။ ယင်းပမာဏသည် ဟောင်ကောင်နှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ၀ယ်ယူမှု ပမာဏနှင့် အတူတူပင်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများ၏ လန်ဒန်မြို့တွင် လာရောက်ရင်းနှီးမြှုပ်နှံမှု အလားအလာ လွန်စွာကြီးမားလာသည့်အတွက် အင်္ဂလန်နိုင်ငံမှ အိမ်ခြံမြေ အကြံပေး ကုမ္ပဏီဖြစ်သော Landon Dom ကုမ္ပဏီသည် ယခုလအတွင်း ရန်ကုန်မြို့၌ ရုံးခန်းတစ်ခု လာရောက်ဖွင့်လှစ်ခဲ့ကြောင်းလည်း သိရသည်။ Daily Eleven မှ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ တစ်ဘီလျံအထက် ချမ်းသာကြွယ်ဝသူ သို့မဟုတ် စီးပွားရေး အစုအဖွဲ့ သုံးဦးမှ လေးဦးအထိရှိကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအနက် ၀င်ငွေအနည်းပါးဆုံး နိုင်ငံဖြစ်ပြီး Wikipedia ၌ ဖော်ပြချက်အရ ၂၀၁၂ ခုနှစ်အတွက် တစ်ဦးချင်း ဂျီဒီပီသည် ဒေါ်လာ ၈၄၉ သာရှိပြီး အမြင့်ဆုံးဖြစ်သော စင်ကာပူသည် ၄၉,၉၃၆ ရှိကြောင်း သိရသည်။
0 comments:
Post a Comment