Sunday, October 6, 2013

အာဆီယံ ဘဏ်ညီလာခံ မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် ပထမဆုံး ကျင်းပမည်





အာဆီယံ ၁၀ နိုင်ငံတွင် နှစ်စဉ် အလှည့်ကျ ကျင်းပသော (၄၃) ကြိမ်မြောက် အာဆီယံဘဏ် ညီလာခံ (Asean Banking Coference) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့၌ ပထမဆုံးအကြိမ် လက်ခံကျင်းပမည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များထံမှ သိရသည်။

အဆိုပါ ညီလာခံတွင် အာဆီယံ ဒေသတွင်းဘဏ်များ ရင်ဆိုင်နေရသော အခက်အခဲများ၊ လုပ်ဆောင်ချက်များ၊ မူဝါဒများကို ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာ့အရှေ့တိုင်းဘဏ် အကြီးတန်း အထွေထွေမန်နေဂျာ ဦးသန်းဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခြင်းကြောင့် ညီလာခံကို တက်ရောက်မည့် ပြည်တွင်း ပုဂ္ဂလိကဘဏ် အရေအတွက် ပိုမိုများပြားလာနိုင်ပြီး အာဆီယံဒေသတွင်း ဘဏ်များအချင်းချင်း ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်ကာ နိုင်ငံတကာဘဏ်များ၏ အလေ့အကျင့်များ၊ ကျင့်ထုံးများကို ပြည်တွင်းဘဏ်များက သိရှိလာနိုင်ကြောင်း ၎င်းကဆိုသည်။
“မနှစ်က မလေးရှားမှာလုပ်တာ၊ အဲဒီတုန်းက မြန်မာပုဂ္ဂလိကဘဏ် ခြောက်ခု၊ ခုနစ်ခု ဝန်းကျင်လောက်ပဲ တက်တယ်။ ဒီမှာလုပ်တော့ အကုန်လုံး တက်ဆွေးနွေးနိုင်မယ်။ အဓိကကတော့ အကုန်အကျ သက်သာမယ်” ဟု ဦးသန်းဝင်းက ပြောဆိုသည်။

Asean Banking Coference ကို အာဆီယံဒေသတွင်းရှိ ဘဏ်အသင်းများ ပါဝင်သော Asean Bankers Association က ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ဘဏ်များအသင်းက တာဝန်ယူမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

Asean Bankers Association ကို အရှေ့တောင်အာရှဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၄၇ ခုနှစ်တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ အဖွဲ့ဝင် ငါးနိုင်ငံဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံက ကိုးနိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။

0 comments:

Post a Comment

 
Twitter Bird Gadget