ကို မိုးဝေရဲ့ ရင်ဖွင့်စကား လေးပါ
အားလုံးသေချာရှင်းရှင်းလင်း သိရအောင် ဖတ်ကြည့်ကြပါဦးဗျာ။
၄၅း၄၅ နာရီအလို
ကျွန်တော်တို့ ထိုင်းအသင်းနဲ့ သရေကျခဲ့ပါတယ်။ အဲဒီအတွက် ရမှတ် ၇မှတ်နဲ့
ဒုတိယ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ အင်ဒိုနီးရှားက ရမှတ် ၄မှတ်သာ ရထားတာမို့
နောက်ဆုံးပွဲ ကျွန်တော်တို့ ရှုံးခဲ့ရင် ဘာဖြစ်မလဲဆိုပြီး ပွဲပြီးပြီးချင်း
တွက်ကြည့်ကြပါတယ်။ ကျွန်တော်တို့က ဂိုးကွာခြားချက် အပြတ်သာပေမယ့် AFC ရဲ့
စည်းမျဉ်းတွေက Head to head ဖြစ်နေတာမို့ သေချာအောင် MC ကိုမေးပါတယ်။
သူ့အခန်းထဲထိ ကျွန်တော်ကိုယ်တိုင် သွားပြီး Regulations စာအုပ်ကို တောင်းဖတ်ခဲ့ပါတယ်။ အားလုံး Double Check
လုပ်အပြီး အသင်းဘတ်စ်ပေါ် အရောက်မှာတော့ နည်းပြချုပ်ကို စကားပြန်ကတစ်ဆင့်
ပြောပြအသိပေးစေခဲ့ပါတယ်။ အဲဒီလိုပဲ ကျန်တဲ့ နည်းပြအဖွဲ့အားလုံးကိုလည်း
ရှင်းပြခဲ့ပါတယ်။ Eleven အပါအဝင် မီဒီယာအချို့ရဲ့ မေးမြန်းမှုကိုလည်း
ဖြေကြားပေးခဲ့ပါတယ်။ အဆောင်ပြန်ရောက်တော့ အသင်းရဲ့ Facebook ကနေတစ်ဆင့်
သရေအနိမ့်ဆုံးရမှ အုပ်စုက တက်နိုင်မယ်ဆိုတာကိုလည်း ဖြန့်ဝေပေးခဲ့ပါတယ်။
၄၅းဝဝ နာရီအလို
အသင်းညစာစားအပြီးမှာ နည်းပြအဖွဲ့အစည်းအဝေးမှာ ဦးတင်မြင့်အောင်က
Regulations စာပိုဒ်တွေကို နည်းပြချုပ်ကို ပြပြီးဆွေးနွေးခဲ့ပါတယ်။
သူကိုယ်တိုင်လက်ခံရယူ ကြည့်ခဲ့ပါတယ်။
၁၀း၄၅ နာရီအလို
အသင်းနံနက်စာစားချိန်ဖြစ်ပါတယ်။ ဥက္ကဋ္ဌ အစောကြီးရောက်လာပြီး ကစားသမားတွေကို
အားပေးစကားပြောပါတယ်။ ဒီကနေ့ပွဲဟာ
အမှားလုံးဝအဖြစ်မခံနိုင်တဲ့ပွဲဖြစ်ကြောင်းပြောပါတယ်။ အဲဒီနောက်မှာ
နည်းပြကိုလည်း ဒီကနေ့ပွဲ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို
ထပ်ပြီးသတိပေးစကားပြောကြားခဲ့ပါတယ်။
၎း၀၅ နာရီအလို
အင်ဒိုနီးရှားပွဲအတွက် ပွဲကြိုအသင်းအစည်းအဝေးလုပ်ပါတယ်။ ထုံးစံအတိုင်း
နည်းပြချုပ်က အဖွင့်စကားပြောပါတယ်။ ပွဲကစားမယ့် ကစားကွက်နဲ့
အသင်းလူစာရင်းကို ပြောပါတယ်။ အသင်းကစားကွက်ကို ၄-၂-၃-၁ ပုံစံနဲ့တည်ထားပြီး
တိုက်စစ်မှာ ကျော်ကိုကို.ကို အထောင်ထားကာ ဒဏ်ရာရနေတဲ့ ကြည်လင်းကလွဲပြီး
အဓိကကစားသမားအားလုံးနီးပါး ပါဝင်ခဲ့ပါတယ်။ သူက အစချီပါတယ်။ "ဒီနေ့ပွဲ
အနိုင်ရမှ နေပြည်တော်ကို တက်ရမှာပါ။ အရေးကြီးလို့ အဓိက ကစားသမားတွေကို
ထည့်သုံးထားပါတယ်။ ပင်ပန်းကြပါလိမ့်မယ်။ ဒါပေမဲ့ တာဝန်ယူပြီး အကောင်းဆုံး
ကစားပေးကြပါ။ ဒီနေ့ပွဲမှာ ရှုံးရင်ထွက်ရမယ်ဆိုတာ သိကြတယ်မဟုတ်လား" လို့
မေးခွန်းထုတ်တော့ ပလေယာတွေ အားလုံးက ခေါင်းညိတ်ခဲ့ပါတယ်။
ဒီလိုနဲ့ ကစားကွက်အကြောင်းတွေ ဆွေးနွေးရင်း ကျော်ကိုကို.က သူ့ကို
နေရာယူခိုင်းတာနဲ့ ပတ်သက်ပြီး နည်းပြကို ဆွေးနွေးမေးမြန်းခဲ့ပါတယ်။
နည်းပြချုပ်က သူလုပ်ခိုင်းနေတာကို တကယ်မသိလို့ မေးတာလားလို့ မေးတော့
ကျော်ကိုကိုက မသိလို့ပါ။ သေချာ နားမလည်တာမို့ ရှင်းပြပေးပါ။ ဒါမှလည်း သူက
နည်းစနစ်ကို ပိုနားလည်ပြီး ကစားရတာ အဆင်ပြေမှာပါလို့ ပြောပါတယ်။ ဒါပေမဲ့
နည်းပြချုပ်ကတော့ စတင်ပေါက်ကွဲပါတော့တယ်။ ပွဲကစားမယ့်နေ့
အသင်းအစည်းအဝေးလို့ မထင်ရအောင် ဒေါသသံတွေ တစ်ခန်းလုံးညံသွားပါတယ်။
အစည်းအဝေး တက်တဲ့သူတွေထဲမှာ အောင်နိုင်ရေးဥက္ကဋ္ဌအနေနဲ့ တာဝန်ယူထားတဲ့
ဦးအောင်မိုးကျော်လည်း ရှိနေပါတယ်။ အဆုံးသတ်မှာတော့ ကျော်ကိုကို.ကို
လိုင်းအပ်အောက်ပြီး ကောင်းစည်သူကို ထည့်လိုက်ပါတယ်။
၁း၃၅ နာရီအလို
အသင်းဟာ ဟိုတယ်ကနေ ကစားကွင်းထဲကို ထွက်ခွာပါတယ်။ ပုံမှန်အတိုင်းပဲ
လုပ်ရိုးလုပ်စဉ်အတိုင်း ပွဲကိုချဉ်းကပ်ပါတယ်။ အဝတ်လဲခန်းထဲကို
ဥက္ကဋ္ဌဦးဇော်ဇော် ရောက်လာပြီး ဒီကနေ့ပွဲဟာ ရှုံးလို့မဖြစ်ကြောင်းနဲ့
ကျော်ကိုကို.ကို အသုံးပြုရန်လိုကြောင်းပြောပြီး ကစားသမားကိုလည်း
တောင်းပန်ခိုင်းပါတယ်။ ကျော်ကိုကိုကလည်း ထိုင်ကန်တော့ တောင်းပန်ခဲ့ပေမယ့်
လူစာရင်းအပြောင်းအလဲကတော့ ဖြစ်မလာတော့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့
ကွင်းထဲကိုရောက်ခဲ့ပါတယ်။
ဝး၀၀ နာရီ
ပြိုင်ပွဲစတင်ခဲ့ပါတယ်။ ၃၅မိနစ်မှာ ပေးလိုက်ရတဲ့ ပင်နယ်တီဂိုးကြောင့်
ကျွန်တော်တို့ နောက်ကလိုက်ကစားခဲ့ရပါတယ်။ အသင်းရဲ့ ကစားကွက်ဟာ
မယုံကြည်နိုင်လောက်အောင်ကို ပျက်ပြားနေတာတွေ့ခဲ့ရပါတယ်။ တကယ့်ကို
မယုံနိုင်လောက်အောင်ကိုပါပဲ။
၀၀း၄၅ နာရီ
ပထမပိုင်းပြီးဆုံးတော့ အဝတ်လဲခန်းထဲပြန်ဝင်လာကြပါတယ်။ ခဏအနားပေးပြီးတာနဲ့
နည်းပြက ပထမပိုင်း ကစားပုံနဲ့ ပတ်သက်ပြီး အားနည်းချက်တွေ ပြောပါတယ်။
ဒဏ်ရာကြောင့် ဆက်မကစားနိုင်တော့တဲ့ ကျော်ဇေယျာဝင်းနေရာမှာ ကျော်ကိုကို.ကို
လူစားလဲပါတယ်။ ကောင်းစည်သူကတော့ ကျော်ဇေယျာဝင်း နေရာမှာ ကစားရမှာဖြစ်ပါတယ်။
ပွဲပြန်စခါနီးမှာ တစ်လကြာလောက် တောက်လျှောက် ချောင်းဆိုးပြီး
ကြံ့ခိုင်မှုမပြည့်ဝတဲ့ ဒေးဗစ်ထန်းနေရာမှာ သိန်းသန်းဝင်းကို
ထည့်ဖို့ပြင်ဆင်ပါတယ်။ အဝတ်လဲခန်းထဲမှာ တောက်လျှောက်ရှိနေတဲ့ ဥက္ကဋ္ဌက
ကျွန်တော့်ကို ကပ်ပြီး စကားတွေပြောနေပါတယ်။
နောက်ဆုံးသူပြောသွားတဲ့စကားလုံးက အခုထိ ကြားနေဆဲပါ။ "ဘုရားသခင်
အဲဒီလောက်အထိ မရက်စက်လောက်ပါဘူးနော်" တဲ့။ ရင်ထဲမှာ နင့်သွားတယ်။ သူ
ဘယ်လောက်ထိ စိတ်ရော၊ လူရော ပါဝင်လုပ်ဆောင်ပေးခဲ့သလဲဆိုတာ ကျွန်တော်တို့
အသိဆုံးပါ။ ဟုတ်ကဲ့ မဖြစ်လောက်ပါဘူးလို့သာ ပြန်ပြောနိုင်ခဲ့ပါတယ်။
၁း၀၀ နာရီ
ဒီလိုနဲ့ ပွဲကို ပြန်စတင်ခဲ့ပါတယ်။ တစ်သင်းလုံး အင်တိုက်အားတိုက်
ကစားခဲ့ပါတယ်။ ကြိုးစားကစားခဲ့ကြပါတယ်။ ပထမပိုင်းက
ခြေစွမ်းမျိုးမဟုတ်တော့သည်တိုင် အချိန်ကတော့ နှောင်းသွားခဲ့ပါတယ်။
၁း၅၀ နာရီ
မြန်မာအသင်းအရေးနိမ့်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဆူညံပေါက်ကွဲကုန်ပါတယ်။
ကွင်းထဲမှာ ကစားသမားတချို့ အရုပ်ကြိုးပြတ်လဲကျသွားပါတယ်။ တချို့လည်း
ကလေးလေးတစ်ယောက်လို နာရီဝက်လောက် မရပ်တန်း အော်ဟစ်ငိုကြွေးနေပါတယ်။
ကစားသမားတွေကို လိုက်လံနှစ်သိမ့်ပေးပြီး အဝတ်လဲခန်းထဲကို ဝင်လာခဲ့ပါတယ်။
နည်းပြချုပ်ကလည်း နောက်ကပါလာပြီး ဘာလို့ ငါ့ကို ကြိုမပြောကြတာလဲဆိုကာ
ပေါက်ကွဲပါတော့တယ်။ အပေါ်အင်္ကျီတွေချွတ်ပစ်၊ ကဒ်ပြားတွေ လွှင့်ပစ်ပြီး
ဒေါသူပုန်ထပါတယ်။ နည်းပြ ဦးတင်မြင့်အောင်ကလည်း ငါတို့ မင်းကို
အသိပေးခဲ့တယ်။ Regulations တွေ ပြခဲ့တယ်ဆိုတာ ပြောပေမယ့် သူက မသိဘူး
မပြောဘူးဆိုကာ ဘူးခံပြီး ဒေါသပဲ ဆက်ထွက်နေပါတယ်။
မကြာလိုက်ပါဘူး။ သတင်းမီဒီယာတွေကို သူကြိုမသိခဲ့ရပါဘူးလို့ ဖွင့်ပြောလိုက်ပါတော့တယ်။
သူမသိဘူးလို့ ပြောသံကို ကြားပြီးချိန်ကစလို့ အံ့သြလို့လည်း မဆုံးတော့ပါဘူး။ ကျွန်တော်နားလည်တာက
၁) သူဟာ အရမ်းဒေါသကြီးတတ်ပြီး အစွန်းရောက်တဲ့သူတစ်ယောက်။ သူသာလျှင် ဆရာ၊
တခြားသူ ဝင်ဆရာလုပ်ခြင်းကို မကြိုက်သူတစ်ယောက်။ ဒီလိုလူမျိုးနဲ့
နေ့စဉ်ထိတွေ့ဆက်ဆံရတဲ့ ဒုက္ခက မသေး။ နည်းပြအဖွဲ့အနေနဲ့ လိုအပ်လို့ သူ့ကို
Regulations နဲ့ပတ်သက်ပြီး ရှင်းပြခဲ့၊ ပြောခဲ့ကြပါတယ်။
၂) ပွဲကိုချဉ်းကပ်ချိန်မှာ ဒီပွဲအရေးကြီးတယ်။ ရှုံးရင်မဖြစ်ဘူးဆိုတာနဲ့
အချိန်နီးမှ ပြဿနာတက်ပြီး ကျော်ကိုကို.ကို ချန်ခဲ့တာကလွဲလို့ သူပွဲကို
လေးလေးနက်နက် ချဉ်းကပ်ခဲ့တယ်။ ဒီလိုချဉ်းကပ်နေတဲ့ နည်းပြတစ်ယောက်ကို
ကျွန်တော်တို့က ရှုံးရင် ထွက်ရမှာနော်ဆိုတဲ့ စည်းမျဉ်းအကြောင်း
ထပ်ပြောဖို့လည်း မလိုတော့ပါဘူး။ သူက စကားကို နှစ်ခွန်းပြောရင်
ပြန်အော်တတ်သူမို့ ဘယ်သူကမှလည်း ထပ်ခါထပ်ခါ ပြောမနေခဲ့ပါဘူး။ အားလုံးက
သတိပေးစကားတွေ ပြောခဲ့ကြတယ်။ သူကိုယ်တိုင်လည်း လက်ခံပြီး Regulations ကို
ကြည့်ခဲ့၊ စကားတွေကို နားထောင်ခဲ့ပြီး သေချာပြင်ဆင်မယ်လို့လည်း
ကတိပေးခဲ့ပါတယ်။
၃) ဒီစည်းမျဉ်းဟာ အာရှဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားတာပါ။ သူတို့လက်အောက်က
ပွဲတွေအကုန်လုံးကို ဒီစည်းမျဉ်းနဲ့ပဲ ဆုံးဖြတ်ပါတယ်။ ဒီလို AFC ရဲ့
ပွဲတွေကို ကျွန်တော်တို့လို မြန်မာနိုင်ငံက အသင်းတွေထက် ကိုရီးယားလို
နိုင်ငံက အသင်းတွေက ပိုပြီး ရင်းနှီးကြတယ်။ အမြဲကစားနေကြတယ်ဆိုတာ
အားလုံးအသိပါ။ AFC ချန်ပီယံလိဂ်လို ပွဲတွေ အမြဲလိုပြိုင်နေရတဲ့
နိုင်ငံကြီးတစ်နိုင်ငံက Professional License
လိုင်စင်ရထားတဲ့ နာမည်ကြီး နည်းပြကြီးတစ်ဦးက ဒါက အခုမှ
စကြားဖူးပါတယ်ဆိုတဲ့ စကားဟာလည်း မယုံကြည်နိုင်လောက်အောင်ကို
အံ့အားသင့်ရပါတယ်။
ဒီအချိန်မှာ Blame Game တွေ မလုပ်ချင်ပါဘူး။ လုပ်ရမယ့်အချိန်လည်း
မဟုတ်ပါဘူး။ စိတ်ညစ်နေတဲ့အချိန်မှာ အားလုံး စိတ်သက်သာရာ ရသွားစေဖို့အတွက်
အမြန်ဆုံးမေ့ပျောက်သွားစေချင်ပါတယ်။ တာဝန်ယူပါတယ်လို့ စကားလုံးကို
ပြောနေတဲ့တိုင်အောင် မလိုအပ်တဲ့ စကားတွေ၊ မယုံနိုင်ကြည်လောက်တဲ့
ဆင်ခြင်တွေပေးပြီး တခြားသူတွေ အားလုံး အသုံးမကျပါဘူးလို့ ပြစ်တင်ဝေဖန်နေတဲ့
လုပ်ရပ်ကိုတော့ တကယ့်ကို နားမလည်နိုင်ပါဘူး။
ဒီအရှုံးအတွက် ဘယ်သူ့မှာ တာဝန်ရှိပါတယ်လို့ မပြောချင်ပါဘူး။
ကျွန်တော်တို့နဲ့ မဆိုင်ဘူးဆိုပြီးတော့လည်း ရုန်းမထွက်ပါဘူး။ အားလုံး
စဉ်းစားချင့်ချိန်နိုင်ဖို့အတွက်ပဲ ရည်ညွှန်းပါတယ်။ ကျေးဇူးပါ။
အသင်းရလဒ်အတွက်တော့ တောင်းပန်စကားကလွဲလို့ မရှိတော့ပါဘူး။
ကိုမိုးဝေရဲ့ ဖေ့ဘုတ်မှ တဆင့်ပြန်လည်ကူးယူဖော်ပြတာဖြစ်ပါတယ်။






0 comments:
Post a Comment