မြန်မာ နှင့် အင်ဒိုနီရှား ဘောလုံးပွဲအပြီး သုဝဏ္ဏဘောလုံးကွင်း ပြင်ပတွင်
ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ် ပွားခဲ့ရာမှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော
အမျိုးသား ကိုးဦးအနက် ရန်ကုန်မြို့တော်တွင် နေထိုင်သူ ရှစ်ဦးကို ခရီးစရိတ်
တစ်ဦးလျှင်ကျပ် ငါးသောင်းနှင့် မန္တလေးမှ လာရောက်အားပေးသော အမျိုးသား
တစ်ဦကို ခရီးစရိတ် ကျပ် တစ်သိန်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ
ဦးဇော်ဇော်က ခရီးစရိတ်ပေးခဲ့သည်။
“ဘောလုံးကို ချစ်လို့ မရည်ရွယ်ဘဲ ဖြစ်ခဲ့တဲ့ ပြဿနာမှာ ထိန်းသိမ်းခံထားရတဲ့
ပရိသတ်အတွက် ပြန်လည် လွှတ်ပေးဖို့ ကျွန်တော်ကိုယ်တိုင် မေတ္တာရပ်ခံအပ်တာပါ။
မျိုးချစ်စိတ်ကြောင့် ဖြစ်ရတဲ့အတွက် သူတို့တွေ အချုပ်ခန်းထဲမှာ ရှိနေသရွေ့
ကျွန်တော်ဘယ်လိုမှ အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး ”ဟု ဘောလုံးအဖွဲ့ချုပ်
ဥက္ကဌ ဦးဇော်ဇော်က ရှင်းပြသည်။
အင်ဒိုနီးရှားကို ပင်နယ်တီ တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော ဘောလုံးပွဲစဉ်တွင်
ကွင်းတွင်းသို့ ဝင်လာသူ မြန်မာ လူငယ် ပရိသတ် သုံးဦးနှင့် ကွင်းပြင်ပတွင်
လုံထိန်းရဲတပ်ဖွဲ့များကို ခဲဖြင့် ပစ်ပေါက်ခဲ့သော လူငယ်ခြောက် ဦးတို့ကို
လုံခြုံရေးအရ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ဒီဇင်ဘာလ ၁၆ရက် ည ၁၁ နာရီခန့်က
ဖမ်းဆီး ထိန်းသိမ်းခဲ့ရာ ဦးဇော်ဇော်၏ မေတ္တာရပ်ခံမှုကြောင့် ဒီဇင်ဘာလ ၁၇ ရက်
ညနေ၆ နာရီက အုပ်ထိန်းသူ မိဘများ၏ ရှေ့မှောက်တွင် ခံဝန်လက်မှတ် ရေးထိုးကာ
ပြန်လည် လွတ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
ရဲမှူးကြီး ဝင်းနိုင်က ပြောကြားသည်။
“တစ်ဖက်အသင်းကို စိတ်ဆိုးလို့ လုပ်တာမဟုတ်ဘဲ ကိုယ့်အသင်း က ဘောလုံးကို
ဘယ်လိုကန်နေတာလဲ ဆိုတာ ကြည့်ပြီး မခံချင်စိတ်တွေကြွလာတာကြောင့်
ကွင်းတွင်းကွင်းပြင်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွား ရတာကို
နားလည်ပေးနိုင်ပေမယ့် နောင်လာမယ့် ပွဲတွေမှာ ဒီလိုထပ်မံ
မဖြစ်ပွားစေချင်လို့ပါ”ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး
ဝင်းနိုင်က ဆိုသည်။
ရဲတပ်ဖွဲ့အနေနှင့် ပြည်သူ၏ မျိုးချစ်စိတ်၊
နိုင်လိုစိတ်ကြောင့် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ကို ဝင်ရောက်
တားမြစ်ခြင်း မပြုလိုသော်လည်း အများပြည်သူ၏ လုံခြုံရေးအတွက် ဝင်ရောက်
ထိန်းသိမ်း ပေးခြင်းဖြစ် ကြောင်း ၊ ရဲစခန်းတွင် ထိန်းသိမ်းခဲ့သူ အမျိုးသား
ကိုးဦးကို ဘောလုံးပွဲများကို ယခုလိုပဋိပက္ခ အသွင်မျိုး
မဟုတ်ဘဲ နိုင်ငံကြီးသား ပီသစွာ ဆက်လက် အားပေးရန် ဖိတ်ခေါ်ကြောင်း
ဦးဇော်ဇော်က ပြောကြားသည်။
“အိုမန်နဲ့ ပွဲတုန်းကတစ်ခါ ပြဿနာဖြစ်ခဲ့တာကြောင့် ဖီဖာက အိမ်ကွင်း
ကျင်းပခွင့် သုံးနှစ် ပိတ်ခဲ့တာ အင်္ဂလန် ရှေ့နေဌားပြီး ပြန်လည်
ကျင်းပခွင့်ရအောင် ဒဏ်ကြေး ဒေါ်လာ တစ်သောင်းပေးဆောင်ပြီး မနည်းကြိုးစား
ခဲ့ရတာ။ အခုဖြစ်တဲ့ ပြဿနာကိုလည်း ဖီဖာက အရေးမယူနိုင်ဘူးလို့ မပြော နိုင်ဘူး
” ဦးဇော်ဇော်က ရှင်းပြသည်။
ထိန်းသိမ်းခံရသူများကို ဂရုဏာဖြင့် ပြန်လွတ်ပေးခဲ့သည့် အတွက် အလွန်ပင်
ဝမ်းသာကြောင်း ထိန်းသိမ်း ခံထားသူ ကိုးဦးအနက်မှ ပုဇွန်တောင် မြို့နယ်၊
ရေကျော်ဈေးအနီးတွင် နေထိုင်သော လူငယ်၏ မိခင် ဒေါ်ခင်မာအေးက ပြောကြားသည်။






0 comments:
Post a Comment