Friday, January 17, 2014

မြန်မာ ပရိသတ်တွေ ဆဲတာ မခံရဖို့ ပြည်ပထွက် ကစားတာပါ ဆိုတဲ့ မလေးရှား ကလပ်ရောက် မြန်မာ့လက်ရွေးစင် ကျော်ဇေယျာဝင်း


မြန်မာယူ -၂၃ အသင်း ခေါင်းဆောင် ကျော်ဇေယျာဝင်းကို မလေးရှားစူပါလိဂ် ကလပ် ပီရတ်အသင်းက တစ်နှစ် အငှား စာချုပ်နှင့် ကြေးစားခေါ်ယူထားပါတယ်။ 

ဒါဟာ ၁၉၉၀ ၀န်းကျင်မှာ မြန်မာကစားသမားတွေ ပြည်ပထွက်ကစားပြီးနောက်ပိုင်း ပထမဆုံးအဆင့်မြင့် အသင်းတစ်သင်းမှာ မြန်မာကစားသမားတစ်ဦး ပြန်လည်ပါဝင်ကစားခွင့်ရတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မလေးရှားနိုင်ငံမှာ သွားရောက်ကစားနေတဲ့ ကျော်ဇေယျာဝင်းကိုမဇ္ဈိမက အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။ 

မင်္ဂလာပါကျော်ဇေယျာဝင်းရေ မလေးရှား စူပါလိဂ်ကလပ် Perak ကို ပြောင်းဖြစ်ခဲ့ ပုံလေးစပြော ပေးပါ။

အဓိက,ကတော့ လိုလိုလားလားနဲ့ ကမ်းလှမ်းခဲ့လို့ပါ။ ပြီးတော့ ကျွန်တော့်အတွက် အတွေ့အကြုံ အများ ကြီးရမယ်လို့ထင်လို့ ပြောင်းခဲ့တာပါ။ 

Perak အသင်းက မြန်မာနေရှင်နယ်လိဂ်နဲ့ယှဉ်ရင် ဘယ်လိုအဆင့်လောက်မှာရှိတယ်လို့ ပြောနိုင် မလဲ။

အဲဒီလိုတော့ ပြောလို့မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လည်း သူတို့အသင်းအတွက် တရားဝင်ပြိုင်ပွဲတစ်ပွဲမှ မကစားရသေးလို့ပါ။ တရားဝင်ပြိုင်ပွဲက လာမည့် ၁၈ ရက်မှ စကစားရမှာပါ။ 

မြန်မာနေရှင်နယ်လိဂ်နဲ့ အခုရောက်နေတဲ့ မလေးရှားစူပါလိဂ်အခြေအနေကို နှိုင်းယှဉ်ပေးပါဦး။

မြန်မာမှာကတော့ အစ်ကိုတို့လည်းသိတဲ့အတိုင်းပဲလေ။ မလေးရှားမှာကတော့ အသင်းတိုင်းက ကိုယ် ပိုင်လေ့ကျင့်ရေးကွင်းနဲ့ အိမ်ကွင်းတွေရှိကြတယ်။ ကစားသမားဒဏ်ရာရရင်ကုဖို့  Physio ဆေးရုံ တစ်ရုံစီ ရှိကြတယ်။ 

ပထမဆုံး ပြည်ပထွက်ကစားတဲ့ အတွေ့အကြုံက ကျော်ဇေယျာဝင်းရဲ့ ကစားသမားဘ၀အတွက် ဘယ်လောက် အထောက်အကူ ဖြစ်စေသလဲ။

ပြည်ပထွက်ကစားတဲ့အခါကျတော့ ကစားပုံ ပိုပြီး တိုးတက်လာမယ်လို့ထင်တယ်။ မြန်မာနေရှင်နယ်လိဂ် မှာ ပြန်လာကစားတဲ့ အချိန်ကြရင် ကစားပုံက ပြောင်းလဲသွားမှာပါ။ ပြီးတော့ မြန်မာပရိသတ်တွေ ဆဲ တာ မခံရဖို့ အဓိကထားပြီး ပြည်ပထွက်ကစား ဖြစ်တာပါ။ ပြန်လာတဲ့အခါ မြန်မာပရိသတ်တွေမဆဲ အောင် ကျွန်တော်ကြိုးစားနေပါတယ်။ 

Perak အသင်းမှာ ကြုံတွေ့နေရတဲ့ အဓိက အခက်အခဲက ဘာဖြစ်မလဲ။

မြန်မာတစ်ယောက်အတွက် အဓိက အခက်အခဲကတော့ ဘာသာစကားပေါ့။ အသင်းသစ်ဆိုတော့ ရောက်ရောက်ချင်း နည်းနည်းတော့ အခက်အခဲ ဖြစ်ရပါတယ်။ 

Perak အသင်းမှာ မလေးရှားလက်ရွေးစင် ဘယ်နှယောက်လောက်ရှိလဲ။ ပြီးတော့ သူတို့ရဲ့ မြန်မာ တစ်ယောက်အပေါ် ဆက်ဆံရေးကိုလည်း ပြောပေးပါဦး။

Perak  အသင်းမှာ မလေးရှားလက်ရွေး စင်နှစ်ယောက်ရှိတယ်။ ဆက်ဆံရေးကလည်း ဖော်ရွေပါတယ်။ အကူအညီလည်းပေးကြပါတယ်။ 

မလေးရှားပရိသတ်ရဲ့ မြန်မာကစားသမားတစ်ဦးအပေါ် ကြိုဆိုမှုကရော ဘယ်လိုရှိလဲ။

Perak  ပရိသတ်ကတော့ မြန်မာမှ မဟုတ်ပါဘူး။ သူတို့အသင်းမှာ လာကစားတဲ့ ကစားသမားအားလုံး ကို ကြိုဆိုပါတယ်။ သူတို့အသင်းအောင်မြင်မှုရဖို့သာ အဓိကပါ။ ဒါပေမဲ့ အသင်းမအောင်မြင်လည်း အား ပေးကြမယ့် ပရိသတ်တွေလို့ မြင်ပါတယ်။ 

Perak  အသင်းက ကျော်ဇေယျာဝင်းကို ဘယ်လိုထောက်ပံ့မှုတွေ ပေးထားလဲ။

အသင်းက ကျွန်တော်အတွက် အိမ်ပေးထားတယ်။ သွားလာဖို့ ကားလည်းပေးထားပါတယ်။ လိုအပ်ချက် အားလုံးကို ပံ့ပိုးပေးထားလို့ အဆင်ပြေပါတယ်။ 

ဆီးဂိမ်းမှာ ခြေစွမ်းမပြနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ဘယ်လိုမြင်လဲ။ 

ခြေစွမ်းမပြနိုင်တာ ဘာကိုကြည့်ပြီး သုံးသပ်တာပါလဲ။ ဘယ်သူက သုံးသပ်တာလဲ။ ပြီးပြည့်စုံတယ်ဆိုတဲ့ ကစားသမားတစ်ယောက်မှ မရှိသေးပါဘူး။ မြန်မာပြည်မှာ မက်ဆီ၊ ရော်နယ်ဒိုတို့လို ကစားသမားတွေမှ မရှိတာ။ မရှိလို့လည်း အခုပိုကြိုးစားနေတာပေါ့။ 

Perak  အသင်းအတွက် ပွဲထွက် ဘယ်နှပွဲ ကစားထားပြီးပြီလဲ။

ခြေစမ်းပွဲနှစ်ပွဲပဲ ကစားရပါသေးတယ်။ တရားဝင်ပြိုင်ပွဲတွေ မစသေးလို့ပါ။ သွင်းဂိုးတော့ မရသေးပါဘူး။

0 comments:

Post a Comment

 
Twitter Bird Gadget