နယူးဒေလီ
ဗုဒ္ဓဂယာရှိ မဟာဗောဓိကျောင်းအနီးတစ်ဝိုက်တွင် ၂၀၁၃ ဇူလိုင် ၇
ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုသည် နိုင်ငံတကာမှ
လာရောက်ကြသည့် ဗုဒ္ဓဘာသာ ကမ္ဘာလှည့်ခရီးသွားများကို ပစ်မှတ်ထားခြင်းဖြစ်ပြီး
မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မွတ်ဆလင်များကို သတ်ဖြတ်မှုအပေါ်
လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသည့် အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့ဝင်
မိုဟာမက်အူမီစီဒီကီက ဖြောင့်ချက်ပေးခဲ့သည်။
အေဂျင်စီများစွာ၏
မေးမြန်းချက်များအပြီး စုံစမ်းစစ်ဆေးရေးမှတ်တမ်း အစီရင်ခံစာအသေးစိတ်ကို
ထုတ်ပြန်ရန် ပြင်ဆင်နေသည်။ မိုဟာမက် အူမီစီ ဒီကီကို ချာတီဂါရဲများက
ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဂယာမှ ပေါက်ကွဲမှုနှင့် ၂၀၁၃ အောက်တိုဘာ ၂၇ ရက်
ပတ်တနာတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအတွက် သံသယရှိခဲ့သည်။ မိုဟာမက်
အူမီစီဒီကီ၏ အနီးကပ်တပည့်ဖြစ်သူ သံသယရှိသူနောက်တစ်ဦးဖြစ်သည့် ဟိုင်ဒါအလီက
၂၀၁၃ မေလတွင် အူမီစီဒီအား မြန်မာနိုင်ငံ၏ ရိုဟင်ဂျာမွတ်ဆလင်များအပေါ်
အကြမ်းဖက်မှုများအကြောင်း ပြောဆိုခဲ့ကြောင်း စစ်ဆေးမှုများအရ သိခဲ့ရသည်။
““ဗုဒ္ဓဂယာကို
တိုက်ဖို့ ကျုပ်က အကြံပေးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက
နိုင်ငံတကာကသိတဲ့နေရာဖြစ်နေလို့ပဲ။ ဟိုင်ဒါကို ပြောလိုက်တယ်။ လူ နှစ်ယောက်၊
သုံးယောက်ကို ပစ်မှတ်ထားလို့တော့ ကိုယ်လိုချင်တဲ့သတင်းပါးလို့ မရဘူး။
ကျုပ်တို့က သာမန်လူတွေကို ပစ်မှတ်မထားချင်ပါဘူး။ ဟိုင်ဒါက ဗုဒ္ဓဂယာကိုလာတဲ့
နိုင်ငံခြားသားတွေကို ပစ်မှတ်ထားဖို့ အကြံပေးတယ်”” ဟု မိုဟာမက်အူမီစီဒီကီ၏
ပြောဆိုချက်ကို စစ်ဆေးမှုမှတ်တမ်းတွင် ကိုးကားဖော်ပြထားသည်။
ဒေသခံများ
ထိခိုက်မှုမှ ရှောင်ရှားနိုင်ရန် နံနက်စောစောတွင် ဖောက်ခွဲရန်
ဆုံးဖြတ်ခဲ့ကြောင်း၊ နိုင်ငံခြားသံဃာများကသာ နံနက်စောစော ၀တ်ပြုပွဲတွင်
လာရောက်လေ့ရှိကြောင်း စစ်ဆေးမှု အစီရင်ခံစာ၌ ဖော်ပြထားသည်။
၂၀၁၃
ဇွန်လပိုင်းတွင် ဟိုင်ဒါက မိုဟာမက်အူမီစီဒီကီကို ချာတီဂါပြည်နယ်ရှိ
ရိုင်ပါတွင် တွေ့ဆုံပြီး ဗုံးဖောက်ခဲ့ရာတွင် လိုအပ်သည့်ပစ္စည်းများကို
ဝယ်ယူထားပြီးဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသည့် လူငယ်တစ်စုကလည်း
ဖောက်ခွဲမှုလုပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဗုဒ္ဓဂယာတွင် ဖောက်ခွဲမှု လုပ်ခဲ့ပြီးနောက် သြဂုတ်လတွင် ၎င်းတို့ နှစ်ဦး ထပ်မံတွေ့ဆုံခဲ့သည်။
““မိုဒီ
(Modi) ကို ပစ်မှတ်ထား ရှင်းပစ်ရမယ်။ မိုဒီကို
ဝန်ကြီးချုပ်လောင်းစာရင်းမှာ ကြေညာထားတယ်”” ဟု ဟိုင်ဒါက ၎င်းအား
ပြောဆိုကြောင်း မိုဟာမက်အူမီစီဒီကီက ၀န်ခံပြောကြားသည်။
အလားတူပင်
ဂယာ-ဒေလီ ရထားကိုလည်း တိုက်ခိုက်ရန် စီစဉ်ခဲ့သည်။ ရထားနှင့်ပတ်သက်သော
အချက်အလက်များကို စုဆောင်းခဲ့ပြီး ရထားပေါ်အထိ သွားရောက်
လေ့လာပြင်ဆင်ခဲ့ကြောင်း၊ သို့သော် ဖောက်ခွဲမှု မလုပ်ဖြစ်ခဲ့ကြောင်း သိရသည်။
ကိုးကား-India Today, New Delhi, January 6, 2014
Wednesday, January 8, 2014
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment